ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Monday, September 10, 2012

ဒုက္ခများအတွက် ကိုယ့်မှာ တာဝန်ရှိတယ်


ဒုက္ခများအတွက် ကိုယ့်မှာ တာဝန်ရှိတယ်

တစ်နေ့က
မိမိရဲ့ မိတ်ဆွေသူငယ်ချင်းကောင်မလေးတစ်ယောက်
မိမိဆီကို အလည်လာခိုက် စကားစမြည်ပြောကြရင်း
““ဦးဇင်းတို့ ဘုန်းကြီးဘ၀ပဲ အေးချမ်းတယ်နော်
တပည့်တော်တို့တတွေကတော့ ဒုက္ခတွေနဲ့ပဲရုန်းကန် ရှင်သန်နေရတယ်””တဲ့။
ဘာကြောင့် ဒီလိုပြောရတာလဲ
အေးချမ်းတယ် မအေးချမ်းဘူးဆိုတာ
ဘာကိုကြည့်ပြီး ဆုံးဖြတ်သလဲ
ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်
အေးအေးချမ်းချမ်းနေတတ်တဲ့သူအတွက်တော့
အေးချမ်းတာပါပဲ
ရှင်သန်နေရတဲ့ဘ၀တွေက ဒုက္ခတွေနဲ့ရှုပ်ထွေးနေတယ်ဆိုရင်လဲ
နေတဲ့သူအပေါ်မှာ အများကြီးသက်ဆိုင်တယ်လို့ ထင်ပါတယ်၊
သူဆိုလိုတဲ့အဓိပ်္ပါယ်ကို နားလည်ပါတယ်
ဘုန်းကြီးဘ၀ဆိုတာ ပစ္စည်းဥစ္စာတွေလဲ ရှာဖွေစရာမလိုဘူး
အခြားဘာအတွက်မှလဲ ပူပန်စရာ ကြောင့်ကျစရာမလိုတဲ့အတွက်ကြောင့်
ငြိမ်းချမ်းတယ်လို့ ဆိုလိုတာကို သဘောပေါက်နားလည်ပါတယ်၊
သူတို့မှာတော့ ပစ္စည်းဥစ္စာတွေကို ကျိုးစားရှာဖွေရင်း
အမြဲဒုက္ခရောက်နေတယ်ဆိုတဲ့သဘောကိုလည်း နားလည်ပါတယ်၊
ဒီနေရာမှာ မိမိတို့ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်ကြီး ပြောဖူးတဲ့
စကားလေး တစ်ခွန်းကို ပြန်လည်သတိရမိတယ်-

““ ဒုက္ခရောက်တယ် ဒုက္ခရောက်တယ်ဆိုတာ
ပစ္စည်းဥစ္စာရာထူးဂုဏ်ထူးတွေကြောင့် ဒုက္ခရောက်တာမဟုတ်ပါဘူး
ပစ္စည်းဥစ္စာရာထူးအာဏာတွေကို တပ်မက်တဲ့စိတ်ကသာ
ဒုက်္ခရောက်စေတာပါ
သက်မဲ့ဖြစ်တဲ့ စည်းစိမ်ဥစ္စာရာထူးအာဏာတွေက
သက်ရှိဖြစ်တဲ့ လူတွေကို ဒုက်္ခမဖြစ်စေနိုင်ပါဘူး၊
ပစ္စည်းဥစ္စာရာထူးပါဝါတွေအပေါ်မှာ တပ်မက်တွယ်တာတဲ့စိတ်က
လူတွေကို ဒုက္ခတွင်းထဲကို နစ်သထက်နစ်စေနိုင်တယ်””
ဒီစကားလေးပါ။
အဲဒီတော့ ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်
သက်မဲ့အရာဝတ္ထု အာရုံတွေအပေါ်မှာ
တွယ်တာတပ်မက်စိတ်ကြီးမားလေ
ငြိမ်းချမ်းမှုမရလေပါပဲ၊
ဒါကြောင့် ပစ္စည်းဥစ္စာတွေနဲ့ ပစ္စည်းဥစ္စာတွေအပေါ်တပ်မက်တဲ့စိတ်ကို
ကွဲပြားခြားနားတဲ့စိတ်ရှိဖို့လိုပါမယ်၊
လူ့ဘ၀ကိုရလာတော့ လူ့အသုံးအဆောင်တွေကို ရှာဖွေရတာဟာ
လူ့ဘ၀ရဲ့တာဝန်တစ်ရပ်မို့ ကျေပွန်အောင်ဆောင်ရွက်ရမှာပါ
ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ ရသင့်ရထိုက်တဲ့ လောကီဥစ္စာဂုဏ်ထူးအာဏာတွေထက်
ပိုလွန်ပြီး ရယူပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့အခါ
ဒုက္ခတွေက သူ့အလိုလိုကပ်ပါလာတော့တယ်။

No comments:

Post a Comment