အရပ်ဆယ်မျက်နှာကြည့် ဘုဉ်းပေးပါသလား
တစ်ခုသော နံနက်ခင်းကာလ၊ နေရာမှာ ရာဇဂြိုဟ်မြို့အထွက်
လမ်းဘေး ဇရပ်တစ်ခုပေါ်တွင်ဖြစ်သည်။ မြတ်စွာဘုရား၏ လက်ယာတော်ရံ ပညာဧတဒဂ်ဘွဲ့ထူးရ
ဓမ္မသေနာပတိထိပ်ခေါင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် မြို့တွင်းမှ ဆွမ်းခံအပြန်
တစ်ပါးတည်း ယင်းဇရပ်ပေါ်သို့ တက်ခဲ့၏၊ ပြီးလျှင် နံရံ ကိုမှီ၍ ထိုင်ကာ
ခပ်ငုံ့ငုံ့ဆွမ်းဘုဉ်းပေးတော်မူနေသည်။
သပိတ်အတွင်းနှိုက်၍
တစ်လုပ်နှစ်လုပ်မျှ ဘုဉ်းပေးတော်မူကာရှိသေး `သုစိမုခ` အမည်ရှိသော
ပရိဗိုဇ်မတစ်ဦးရောက်လာသည်၊ ထိုပရိဗိုဇ်မက ကောက်ကာ ငင်ကာ မေးတော့၏၊
`အရှင်ဘုရား
ဆွမ်းကို အောက်ငုံ့ပြီး ဘုဉ်းပေးနေပါသလား`
တဲ့၊
အရှင်သာရိပုတ္တရာမထေရ်မြတ်က မေးလိုရင်း အဓိပ္ပါယ်ကို
လက်ကနဲ သိတော်မူလိုက်၍
ဆွမ်းဘုဉ်းပေးရင်းပင် ဖြေတော်မူသည်။
`အောက်ငုံ့ပြီး
ဘုဉ်းပေးနေတာ မဟုတ်ပါ `
`ဒါဖြင့်
မော့ပြီး ဘုဉ်းပေးပါသလား `
`အဲဒီလိုလည်း
မဟုတ်ပါဘူး`
`ဒါဆိုရင်
အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကို ကြည့်ပြီး ဘုဉ်းပေးပါသလား`
`အဲဒီလိုလည်း
မဟုတ်ပါဘူး`
`အဲဒီလိုလည်း
မဟုတ်ပါဘူး`
`အရှင်ဘုရား အရှင်ဘုရားက တပည့်တော်မေးတဲ့ မေးခွန်းတိုင်းကို
`မဟုတ်ပါဘူး` ချည်းပဲ ဖြေတော်မူပါတယ်၊ အဲဒါ ဘယ်လိုကြောင့်လည်း ပြန်ရှင်းပြပါဘုရား၊
ဘာကို ရည်ရွယ်ပြိး ငြင်းတာပါလဲ ဘုရား။`
ထိုအခါ
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက အကျယ်တ၀င့်ဖြေတော်မူပါသည်။
``
အို ပရိဗိုဇ်မ ၊ ယခုအခါတွင် အချို့သော ရဟန်း ပုဏ္ဏားတွေဟာ မြေကြန်အင်္ဂါအတတ်နှင့်
အသက်မွေးတတ်ကြတယ်၊ (ဒီမြေကြီးက မြေဆိုး၊ မြေစုန်း၊ မြေဘီလူး၊ ဒီမြေကြီးကတော့
ကောင်းတယ်၊ မြေမှန်၊ ဘူမိနက်သန်မှန်တယ်၊ ဒီမြေကြီးမျိုးက ဘူး၊ ဖရုံ၊ ငရုပ်၊ သခွား၊
စပါး၊ ပဲ ပြောင်းစိုက်ဖို့ ကောင်းတယ်၊ ဟိုမြေမျိုးက မကောင်းဘူး၊ စသည်ဖြင့်
မြေကြီးဆိုတဲ့ အောက်အရပ်ကို အမှီပြုပြီး အသက်မွေးကြတယ်) အဲဒီ
ပုဂ္ဂိုလ်မျိုးတွေကို `အောက်ငုံ့စားသူတွေ`
လို့ ဆိုထိုက်တယ်၊ ငါတို့က ဒါမျိုးအောက်ငုံ့စားတဲ့သူ မဟုတ်ဘူး``
`ဒါဖြင့်
နောက်တစ်ခုကကော ဘုရား`
``
အေး ၊ တစ်ချို့ ရဟန်းတွေ၊ ပုဏ္ဏားတွေဟာ ဂြိုဟ်နက္ခတ် ကြယ်တာရာ အတတ်ပညာတွေနဲ့
အသက်မွေးတတ်ကြတယ်၊ ( ဒီကြယ်ဒီဂြိုဟ်က မှိန်သွားတယ်၊ ဘာဖြစ်လိမ့်မယ်၊ ဟိုကြယ်ကြီးက
တောက်ပြောင်လာတယ်၊ ဘာဖြစ်လိမ့်ဦးမယ်၊ ဘယ်ဂြိုဟ်တွေ ဘယ်ဂြိုဟ်တွေက ပူးတယ်၊ ကပ်တယ်၊
ဘာဖြစ်နိုင်တယ် စသည်ဖြင့် အထက်ကောင်းကင် အရပ်ကို အမှီပြု အသက်မွေးတတ်ကြတယ်၊)
အဒီလို ပုဂ္ဂိုလ်မျိုးတွေကို `အထက်မော့စားတဲ့သူတွေ`လို့ ဆိုထိုက်တယ်၊ ငါတို့က
အဲဒါမျိုး အထက်မော့စားသူမျိုးလည်း မဟုတ်ပါဘူး`
`အရပ်လေးမျက်နှာ
ကြည့် ဘုဉ်းပေးတာ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းပြပါအုံးဘုရား`
`တစ်ချို့
ရဟန်းတွေက လူတွေခိုင်းသမျှ စေသမျှ တမန်အလုပ်၊ အစေအပါးအလုပ်တွေနဲ့ အသက်မွေးကြတယ်၊
နီးစပ်ရာ ဒကာ ဒကာမတွေက ဟိုမြို့ ဟိုရွာကို သွားပေးပါဦး၊ လာပေးပါဦး စသည်ဖြင့်
ခိုင်းတတ်ကြတယ်၊ သူတို့ အသုံးကလေးကတော့ ယဉ်ယဉ်ကလေးပဲ `အရှင်ဘုရားပဲ
တတ်နိုင်ပါတယ်၊ အရှင်ဘုရားကိုပဲ အားကိုးပါရစေ`တဲ့ ဒီလိုမျိုးစသည် အရပ်လေးမျက်နှာသို့
သူတို့အလိုရှိရာ အသွားခိုင်းတတ်ကြတယ်၊ သွားပေးခြင်း၊ ဆောင်ရွက်ပေးခြင်းဖြင့်
အသက်မွေးတတ်ကြတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးတွေကို `အရပ်လေးမျက်နှာကြည့်ပြိး
စားတဲ့သူတွေ`လို့ ဆိုထိုက်တယ်၊ ငါတို့က အဲဒါမျိုးလည်း မဟုတ်ပေဘူး`
`ဒါဆို
ထောင့်အရပ်တွေကြည့်ပြီး ဘုဉ်းပေးနေပါလားလို့ မေးတာကိုလည်း ဘာကြောင့် မဟုတ်ဘူးလို့
ငြင်းပါသလဲ၊ ရှင်းပြပါအုံးဘုရား`
`အေး
၊ သာသနာတော်နဲ့ မလျော်တဲ့၊ မသင့်တဲ့၊ အင်္ဂ၀ိဇ္ဇာ အတတ်၊ ဗေဒင်အတတ်၊ အင်းအိုင်ခလဲ့
လက်ဖွဲ့အတတ်၊ ဂါထာမန္တရားစုတ်ခြင်း အတတ်ဆိုတာတွေ ရှိပါတယ်၊ အဲဒီ အတတ်မျိုးဆိုတာ
သာသနာတော်နဲ့ မျက်စောင်းထိုး ကျတယ်၊ မသင့်လျှော်ဘူး၊ ထောင့်အရပ်တွေနဲ့ အလားတူတယ်၊
တစ်ချို့ရဟန်းတွေဟာ အဲဒီအတတ်ပညာမျိုးတွေကို အသုံးပြုပြီး မှားမှားယွင်းယွင်း
အသက်မွေးကြတယ်၊ အဲဒိလို ပုဂ္ဂိုလ်မျိုးတွေကို `ထောင့်အရပ်တွေကို ကြည့်ပြီး
စားတဲ့သူတွေ` လို့ ဆိုထိုက်တယ်၊ ငါတို့က အဲဒီလို ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ဘူး၊
တရားသဖြင့်သာ ဆွမ်းခံရှာမှီးပြီးမှ ဘုဉ်းပေးတဲ့ ပုဂ္ဂိုလ်မျိုးပဲ`
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက
ရှင်းပြပေးလိုက်တဲ့အခါ ပရိဗိုဇ်မသည် ၀မ်းသာအားရဖြစ်လွန်း၍ ထခုန်တော့မတ်
မြူးကြွစွာဖြင့် ` ဟုတ်လိုက်လေ အရှင်ဘုရား၊ သိပ်ကို ဟုတ်တာပဲ၊ သိပ်ကို မှန်တာပဲ၊
တပည့်တော်မကလည်း ဒီအဓိပ္ပါယ်ကို လိုချင်လို့ မေးလိုက်တာကို အရှင်ဘုရားကလည်း
ထိထိမိမိ တိတိကျကျ ဒီအဓိပ္ပါယ်ကိုမှ ဖြေဆိုတော်မူနိုင်ပါပေတယ်` ဟု
အားရ၀မ်းသာစွာဖြင့် လျှောက်ထားပြီး မြို့တွင်းဝယ် တစ်လမ်းဝင် တစ်လမ်းထွက် ကြွေးကြော်လေတော့၏၊
`ရှင်တော်ဂေါတမ၏
တပည့်သာဝကများဟာ တရားမျှတတဲ့ အစာအာဟာရကိုသာ ဘုဉ်းပေးတော်မူကြပါပေတယ်၊ အပြစ်မရှိတဲ့
အစာအာဟာရကိုသာ မှီဝဲ ဘုဉ်းပေးတော်မူကြပေတယ်၊
အို မြို့သူ မြို့သား ဒကာ ဒကာမအပေါင်းတို့ ရှင်တော်ဂေါတမရဲ့ သာဝကတို့အား
တတ်စွမ်းသမျှ လှူကြ လောင်းကြပါကုန်လော့` ဟု ကြွေးကြော်လေတော့၏။
( တစ်ချို့ မြင်မိပါရဲ့ ၀မ်းကလေး တစ်ထွာကြောင့်
သို့မဟုတ် လျှာကလေးလက်နှစ်သစ်ကြောင့် မအပ်မရာ မသင့်မလျော်တာတွေ လုပ်နေကြတာ၊
ဘုရားမျက်နှာကိုလည်း မထောက်ဘဲ အောက်ကျ နောက်ကျ လုပ်နေကြတာ၊
ဝမ်းနည်းစရာကောင်းလှတယ်၊ ဘုန်းကြီးတို့ ငယ်စဉ် စာသင်သားဘ၀တုန်းက အဲလို
ကိုယ်တော်တွေ မြင်နေရတာပဲ၊ ဒကာ ဒကာမတွေနဲ့ တည့်အောင်ပေါင်း၊ ခိုင်းရာလုပ်၊
စေရာသွား၊ ဆေးကု၊ ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေး၊
လူတို့စီးပွားရေးထဲဝင်ကူ၊ အဲလို ကြည့်ဖြူအောင် လုပ်တော့ လှူကြတာပေါ့၊
အဲဒီလိုကိုယ်တော်မျိုးတွေ ဆွမ်းခံပြန်တဲ့အခါ ကြည့်၊ သပိတ်ကြီးပြည့်တဲ့အပြင်
ပွေ့လာတဲ့ သပိတ်ဖုံးပေါ်မှာလည်း၊ မုန့်တွေ ပဲတွေ နံ့သာပုငှက်ပျောသီးတွေ အဖီးလိုက်၊
မောက်မောက် လျှံလျှံပဲ၊
အဲဒါတွေကို အားမကျဘူးလားလို့မေးရင် အားမကျဘူးတော့
မဟုတ်ဘူး၊ ဒါပေမဲ့ သတိရှိလိုက်တယ်၊ အသိဥာဏ်ထဲမှာ လင်းကနဲ့ ၀င်းကနဲ့ ပေါ်လာတယ်၊
ဒီသံယုတ်ပါဠိတော်လာ သုစိမုခ ပရိဗိုဇ်မနဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးတို့
အမေးအဖြေခန်း ဇာတ်လမ်းလေးက အထင်းသား ပေါ်လာတယ်၊)
တစ်ဘ၀သာသနာ- နှာ ၁၃၂
No comments:
Post a Comment