ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Monday, September 10, 2012

ချစ်လို့ပြောတယ် မှတ်ပါ


ဆရာသမားများ ကိုယ့်ထက်ကြီးသူများက ပြောတယ်၊ ဆုံးမတယ်ဆိုတာ ကိုယ့်အပေါ်အလေးထား လို့ပြောတယ်လို့ အောင့်မေ့ရမယ်၊ တကယ်တန်းအလေးမထားရင် ကိုယ်ဘာဖြစ်ဖြစ် သူတို့တတွေက ဥပေက်္ခာ ပြုထားမယ်ဆို ထားလို့ရတာပဲ၊ ဒါပေမဲ့ ကိုယ့်အကျိုးလိုလားလို့သာ ပြောဆိုဆုံးမကြတာ၊ ဒါတွေကို ဗွေယူပြီး ရန်သူကြီးလို သဘောထားမယ်ဆိုရင် ကိုယ်မှားတာပေါ့၊
      သူတပါးရဲ့ အပြစ်အနာအဆာကို ရှာပြီးပြောတယ်ဆိုတာ အရမ်းလွယ်ပါတယ်၊ ဒါပေမဲ့ ဘာကို ရည်ရွယ် ပြီး ပြောတယ်ဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့၊ လူတိုင်း အမှားမကင်းပါဘူး၊ အပြစ်အနာအဆာ ကင်းတဲ့သူ ရှားပါတယ်၊ အဲဒီအမှားတွေကို ပြုပြင်စေချင်တဲ့စိတ်နဲ့ ပြောတာဆိုရင်တော့ ကောင်းတာပေါ့၊ ဒီလိုမဟုတ်ဘဲ “ငါ့ကို အပြစ်ပြောထားတာ၊ သူ့ကရော ဘယ်လောက်တော်နေ၊ မှန်နေလို့လဲ၊ ငါလဲ သူ့ကို လူကြားသူကြားမှာ နှိပ်ကွပ်လိုက်မယ်၊ အရှက်ခွဲလိုက်မယ်”ဆိုတဲ့စိတ်နဲ့ အပြစ်ရှာ အပြစ်ပြောတာ ဆိုရင်တော့ ဒီလိုလူမျိုးရဲ့ အပြုအမူဟာ အင်မတန်အောက်တန်းကျတဲ့ အပြုအမူဖြစ်သွားတယ်။
      သူတပါးရဲ့အပြစ်တွေကို ထုတ်ဖော်ပြောပြပြီး အမှန်ပြင်စေလိုတဲ့စိတ်နဲ့ ပြောတာဆိုရင် လက်ခံရမယ်၊ ဒါမျိုးပြောတဲ့သူအပေါ်မှာလဲ ကျေးဇူးတင်ရမယ်၊ ကိုယ့်ထက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘယ်သူက ပြောပြော
ဒီစိတ်စေတနာကောင်းနဲ့ပြောရင် ပြောတဲ့သူကို ကျေးဇူးတင်ရမယ်၊
      ဒါဟာ အခုမှ မဟုတ်ဘူး မြတ်စွားဘုရားလက်ထက်ကတည်းက၊ အရှင်သာရိပုတ်္တရာအရှင်မြတ်ဆိုတာ မြတ်စွာဘုရားပြီးရင် ပညာအရာမှာ အတော်ဆုံးပဲ၊ အဲဒီအရှင်သာရိပုတ်္တရာအရှင်မြတ်ကြီးတောင်မှ ကိုရင် ငယ်လေးတစ်ပါးက သင်္ကန်းမညီလို့ ပြောတာကို လက်အုပ်ချီပြီး နာခံတယ်၊ နောက်ပြီး “နောက်ထပ် အပြစ်ရှိရင်လဲ ဆုံးမပါ”လို့ ဖိတ်မန်လျှောက်ထားတယ်၊ သင်္ကန်းကို သေသေချာချာပြန်ပြင်ဝတ်ပြီးတော့ “ ဒီလိုဆိုရင် ရပြီလားဘုရား” တဲ့ ကိုရင်လေးကို လက်အုပ်ချီပြီး ပြန်မေးလျှောက်တယ်၊ ဒီလိုမျိုး သူတပါးက ကိုယ့်ကိုကောင်းစေလိုတဲ့စေတနာနဲ့ ပြောတာဆိုရင် ကိုယ်က ကျေးဇူးတင်စွာနဲ့ လိုက်နာဆောက်ရွက်ရမယ်လို့ပြောတာ၊ ကြီးကြီး ငယ်ငယ်ပေါ့။
      ဒီလို မဟုတ်ဘဲ “သူက ဘယ်လောက်တော်နေ မှန်နေလို့ ငါ့ကို ဒီလိုပြောရတာလဲ၊ သူပြောတိုင်း ငါက ဂရုစိုက်ရမှာလား၊ သူ့မှာလဲ အပြစ်တွေမရှိဘူးတဲ့လား၊ သူကရော တစ်ခါမှ အမှားမကျူးလွန်ခဲ့ဘူးလား”” စသည် စသည် စိတ်ဆိုး စိတ်နာပြီး လက်စားချေလိုတဲ့စိတ်နဲ့ ပြောတဲ့သူရဲ့အပြစ်တွေကို ပြန်လိုက်ရှာ၊ သူကျူးလွန်ခဲ့ဘူးတဲ့ အမှားတွေကို ပြန်ရှာ၊ ပြီးတော့ လူကြားသူကြားကျမှ “အရှက်ခွဲလိုက်မယ်၊ နှိပ်ကွပ်လိုက်မယ်” ဆိုပြီး တေးမှတ် ထားတတ်တဲ့သူတွေရဲ့ အပြစ်ရှာ အပြစ်ပြောတတ်တဲ့ အကျင့်က အလွန်အောက်တန်းကျတဲ့အကျင့်ဖြစ်တယ် ဆိုတာ သတိထားမိဖို့ပါ။
      အပြစ်ဆိုတာ လူတိုင်းမကင်းပါဘူး၊ အမှားကင်းတဲ့လူဆိုတာ ဒီကမ်္ဘာမှာ မမွေးသေးဘူး၊ အပြစ်ကျူးလွန် တိုင်း အပြစ်ရှိသူလို့လဲ စွပ်စွဲလို့ မရဘူး၊ အပြစ်အနာအဆာတွေက  အမျိုးအစား ကွဲပြားသေးတယ်၊ လူဆိုရင် လူ့လောက လူ့ပတ်ဝန်းကျင်က လက်မခံနိုင်လောက်တဲ့အပြစ်မျိုး ကျူးလွန်ရင်တော့ အဲဒီအပြစ်ကျူးလွန်သူကို ခွင့်မလွှတ်သင့်ဘူး၊ နားလည် မပေးသင့်ဘူး၊ ဥပမာ- သူများအသက်သတ်တာ၊ သူတပါးပစ်္စည်းဥစ်္စာမတရားသဖြင့် ခိုးယူတာ၊  သူတပါးသားမယား စော်ကားပြစ်မှားတာ၊ ဒါမျိုးတွေကျူးလွန်တဲ့သူတွေကိုတော့ လက်သင့်မခံသင့်ဘူး၊ ခွင့်လွတ် နားလည်ပေးလို့ မရဘူး၊
      ရဟန်းဆိုရင်လဲ ရဟန်းရဲ့ အဓိကကျင့်ဝတ်ဖြစ်တဲ့ ပါရာဇိက လေးပါးခေါ်တဲ့ အပြစ်ကြီးတွေ လွန်ကျူး ရင်တော့ လက်သင့်မခံသင့်ဘူး၊ ရဟန်းအဖြစ်နဲ့ မကိုးကွယ်သင့်တော့ဘူး၊ ကျန်တဲ့ကျင့်ဝတ်တွေထဲမှာလည်း လူ့လောကလူ့ဝန်းကျင်မှာကိုက လက်သင့်မခံနိုင်တဲ့အကျင့်ဆိုးတွေကို လွန်ကျူးရင်လဲ ခွင့်လွတ်ပေးလို့ မရဘူး၊ ခွင့်မလွှတ်ပါနဲ့၊ ရှုတ်ချအပြစ်ပေးရမယ်၊ အဲ- ဒီပြင် ရဟန်းနဲ့သာသက်ဆိုင်တဲ့ အခြားအပြစ်တွေကို ကျူးလွန် ထားပေမဲ့ ကုစားလို့ရတဲ့အပြစ်တွေကို ကျူးလွန်တာဆိုရင်တော့ ဒါမျိုးကို ခွင့်လွှတ်နားလည်ပေးရမယ်၊ ရဟန်းတော် တွေဆိုတာလဲ ပုထုဇဉ်တွေမို့ လောဘဒေါသမာနတွေမကင်းကြသေးဘူး၊ လောဘတွေ ဒေါသတွေ မာနတွေ မကင်းသရွေ့တော့ ဒီလိုမျိုးအပြစ်တွေကတော့ ရှိနေအုံးမှာပဲ၊
       မြတ်စွာဘုရား ကိုယ်တိုင်ကတောင်မှ အဲဒီလိုအပြစ်မျိုးတွေကိုတော့ ဒီလို ဒီလိုကုစားရင် အပြစ်တွေ ပြေပျောက်တယ်လို့ ဟောပြောလမ်းညွှန်ထားတာဆိုတော့ ဒီအပြစ်မျိုးလောက်နဲ့တော့ မကဲ့ရဲ့သင့်ဘူး၊ အပြစ်လို့ ပြောလို့ မရသေးဘူး၊ ဒါလောက်လေးနဲ့ မစွပ်စွဲမပုတ်ခတ်သင့်ဘူး၊ ဒါကြောင့် ဘာမဟုတ်တဲ့အပြစ်လေး တွေကိုတော့ အပြစ်လို့မယူဆပဲ ခွင့်လွတ်နားလည် ပေးရလိမ့်မယ်၊ ဒီလိုအသေးစားအပြစ်တွေက ကုစားရင် ပြေပျောက်သွားပါတယ်၊ အဲဒီအပြစ်တွေ ပြေပျောက်သွားရင် ဒါဟာ ရဟန်းတော်စာရင်းထဲဝင်သွားပြီ၊ သူ့ကို ပညာရှိသူတော်ကောင်းလို့ ပြောလို့ရပြီ၊ သူ့ရဲ့အမှားကို အမှားမှန်း သိပြီး ပြုပြင်တဲ့သူကို မြတ်စွာဘုရားက ပညာရှိသူတော်ကောင်းလို့ ဆိုပါတယ်၊
      ယော ဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတော ၀ါ ပိ တေန သော၊
      ““ကိုယ့်ကိုယ်ကို မှားမှန်းသိ၊ မိုက်မှန်းသိတဲ့သူဟာ ပညာရှိသူတော်ကောင်း””တဲ့။
      ဘာကြောင့်လဲ ဆိုတော့ “ကိုယ့်ကိုယ်ကို မှားမှန်းသိတဲ့သူက အဲဒီအမှားကို ပြန်လည်ပြုပြင်ပြီး မမှားအောင် နေတယ်၊ တစ်ချို့ကတော့ ကိုယ့်ကိုယ်ကို မှားမှန်းမသိတဲ့အတွက် ပြင်ရကောင်းမှန်းလဲ မသိတော့၊ နောက်ထပ် ဆက်ဆက်မှားနေတော့တာပဲ” တဲ့၊
      အဲဒါကြောင့် ကိုယ့်အမှားကို မှားမှန်းသိပြီး နောက်ထပ်မကျူးလွန်တော့ရင် ဒီပုဂ်္ဂိုလ်ဟာ သူတော်ကောင်း စာရင်းဝင်သွားပြီး၊ ဒါကြောင့် အမှားသေးသေးလေးတွေကို ပုံကြီးချဲ့ မကြည့်ပါနဲ့၊ သူတော်ကောင်းကို စော်ကား သလိုဖြစ်သွားတတ်တယ်၊ သူတပါးရဲ့အပြစ်ကို အလွယ်တကူမမြင်တတ်ပါနဲ့၊ ယုတ်ညံ့တဲ့စိတ်ထားနဲ့လဲ သူတပါး တွေရဲ့ အပြစ်ကို မရှာဖွေပါနဲ့၊ စေတနာကောင်းနဲ့ဆိုရင် ကောင်းပေမဲ့ စေတနာဆိုးနဲ့ဆိုရင်တော့ ကိုယ့် စိတ်ဓာတ် တွေ လူသိကုန်ရင် ရှက်စရာဖြစ်တတ်တယ်၊ ကိုယ်အောက်တန်းကျတာ သူများသိသွားတာ အဖတ်တင်မယ်။
      တစ်ခါတစ်ခါ သူတပါးတွေကို အပြစ်မြင်တတ်တာ၊ မကောင်းမြင်တတ်တာတွေက ယုတ်မာတဲ့လူ တစ်ယောက်ဖြစ်သွားစေတယ်၊ သူတပါးကို မကောင်းမြင်ရုံတင်မက မကောင်းပြောတတ်တဲ့အဆင့်ဆိုရင် ဒါဟာ ယုတ်မာတဲ့ အဆင့်ကို ကျော်သွားပြီ။ မိမိရဲ့သန်္တာန်မှာ  အလွယ်တကူ မကောင်းမြင်တတ်တဲ့စိတ် မဖြစ်အောင် သတိထား နေထိုင်တတ်ရမယ်၊
      မကောင်းမြင်စိတ်မှ ယုတ်ညံ့သောစိတ်

      လူတွေရဲ့သန်္တာန်မှာ အမြင်အမျိုးမျိုးရှိကြတယ်၊ တစ်ချို့က အကောင်းမြင်ဝါဒရှိသလို၊ တစ်ချို့က မကောင်းမြင်ဝါဒရှိကြတယ်၊ အကောင်းမြင်ဝါဒရှိသူတွေအတွက် အရာရာအကောင်းချည်း ဖြစ်ပေမဲ့၊ အဆိုးမြင်ဝါဒ ရှိသူအတွက် လောကကြီးတစ်ခုလုံး အပြစ်တွေအပြည့် ဖုံးအုပ်လို့နေတယ်၊
      အကောင်းမြင်ဝါဒရှိသူအတွက် အရာရာအကောင်းချည်းမဖြစ်သလို၊ အဆိုးမြင်ဝါဒရှိသူအတွက်လဲ အားလုံးဟာ ဆိုးဝါးတယ်လို့ ပြောလို့မရနိုင်ပါဘူး၊ တစ်ချို့အရာတွေက အပေါ်ယံ အကောင်းဖြစ်ပေမဲ့ တကယ့် အနှစ်သာရက ဆိုးဝါးနေတတ်တယ်၊ တစ်ချို့အရာတွေက အပေါ်ယံ ဆိုးဝါးပေမဲ့ တကယ့်အနှစ်သာရကျတော့ ကောင်းမွန် ပြည့်စုံနေတတ်တယ်၊
      မြတ်စွာဘုရားရဲ့ တရားတော်တွေကို တစ်ချို့က အဆိုးမြင်ဝါဒရှိတယ်လို့ သုံးသပ်ကြပါတယ်၊ ဒါဟာ သုံးသပ်သူရဲ့ မပြည့်စုံတဲ့အခြေခံအချက်အလက်တွေကို မူတည်ပြီးပြောတဲ့ စကားဖြစ်တယ်၊ တကယ့်တကယ်တော့ မြတ်စွာဘုရားရဲ့လမ်းစဉ်၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ အကောင်းမြင် ၀ါဒလမ်းစဉ်ပါပဲ၊ ဒါကို သိဖို့ဆိုရင် အခြေခံအချက်အလက်အပြည့်အစုံကို သေချာနားလည်တတ်ကျွမ်းအောင် မိမိကိုယ်တိုင် ဂရုတစိုက် ကျင့်ကြံအားထုတ်ကြည့်ဖို့ လိုပါမယ်၊ ခပ်ဝေးဝေးကနေ ကြည့်ပြီး မဆုံးဖြတ်သင့်ဘူး။
      ဒီနေရာမှာ ဒါကို ပြောချင်တာ မဟုတ်ပါဘူး၊ မကောင်းမြင်ဝါဒရှိသူတွေဟာ နောက်ပိုင်းမှာ မသိမသာ ယုတ်ညံ့သွားတတ်တဲ့သဘောကို ပြောချင်တာပါ၊ ဘယ်လိုမျိုးမကောင်းမြင်ဝါဒရှိသူလဲ၊ ဘယ်လိုအခြေနေမျိုးမှာ မကောင်းမြင်ဝါဒရှိတတ်သလဲ၊ ဘယ်လိုအကြောင်းအရင်းခံကြောင့် မကောင်းမြင်ဝါဒရှိသလဲ၊ ဒါတွေ စိစစ်ဖို့တော့ လိုမယ်ထင်ပါတယ်၊
      အဆိုးမြင်ဝါဒီ အများစုကတော မိမိရဲ့ပတ်ဝန်းကျင်အခြေအနေတွေကို လက်ခံနိုင်စွမ်းမရှိတော့တဲ့အခါ  အရာရာ အဆိုးမြင်သွားတတ်ကြတယ်၊ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်ကောင်းနဲ့ ထိတွေ့မှုအားနည်းတဲ့အခါမှာလဲ အဆိုးမြင်သွားတတ်ကြတယ်၊ မိမိရဲ့ အထင်ကြီးလေးစားရတဲ့ပုဂ်္ဂိုလ်တွေကိုယ်တိုင်က  အခြားသူတစ်ယောက် ယောက်ရဲ့၊ အခြားအသင်းအဖွဲ့တစ်ခုခုရဲ့  အပြစ်တွေကို ပုဂ်္ဂိုလ်ရေးအမြင်မကြည်လင်မှုကြောင့် မကြာခဏပြောဖန် များ၊ ကြားဖန်များလာရင်လဲ အဆိုးမြင်သမားတစ်ယောက်ဖြစ်သွားတတ်တယ်။
      ဒါတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်၊ မိမိရဲ့ ပင်ကိုယ်စိတ်ဓာတ်ကောင်းအားနည်းမှု၊ အရာရာကို စိစစ်ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉဏ်ဗဟုသုတအားနည်းမှုတွေဟာ မကောင်းမြင်စိတ်ကို မွေးဖွားစေပါတယ်၊ မကောင်းမြင်စိတ်ရှိလာတာနဲ့ တပြိုင်နက်ထဲ အဲဒီပုဂ်္ဂိုလ်ဟာ မိမိကိုယ်တိုင်ကိုရော၊ မိမိရဲ့ ပတ်ဝန်းကျင်ကိုပါ စိတ်ဒုက်္ခဖြစ်စေပါတယ်။
      ဘယ်အရာကိုမှ စိတ်အလိုမကျ ဖြစ်နေတတ်ခြင်းဟာ မိမိကိုယ်တိုင်ကို စိတ်ဒုက်္ခဖြစ်စေပြီး၊ မိမိရဲ့စိတ်အလို မကျမှုကြောင့် မိမိပတ်ဝန်းကျင်မှာရှိတဲ့သူတွေ ဘာတွေပဲလုပ်လုပ် လက်မခံနိုင်ဘူးဖြစ်နေတတ်တယ်၊ စိတ်ထဲတင် လက်မခံနိုင်ရုံမက ပါးစပ်ကပါ ထုတ်ဖော်ပြောပြနေတတ်တယ်၊ လက်မခံနိုင်ကြောင်း ပါးစပ်ထုတ်ပြောတယ် ဆိုသော်လည်း အကျိုးသင့် အကြောင်းသင့် ပြောတာမျိုးမဟုတ်ဘဲ၊ ဝေဖန်အပြစ်တင်ပြောဆိုမိလာပါတယ်၊ အဲဒီလို ပတ်ဝန်းကျင်ကို ဝေဖန်ပြစ်တင်လာတဲ့အခါ  ပတ်ဝန်းကျင်မှာလဲ သူ့ကြောင့်စိတ်ဒုက်္ခဖြစ်တယ်၊
      ဒီလိုနဲ့ တဖြေးဖြေးပတ်ဝန်းကျင်ကို ဝေဖန်ပြစ်တင်ရင်း ဝေဖန်ပြစ်တင်ရင်းနဲ့ နေလာလိုက်တာ၊ ကြာလာတော့ မိမိကိုယ်တိုင်လဲ ဘယ်အရာကို မလုပ်ရဲမကိုင်ရဲတော့ဘူး၊ သူများကို ဝေဖန်အပြစ်တင်ထားတော့ မိမိကိုလဲ သူများက ဝေဖန်ပြစ်တင်မှာကို ကြောက်နေမိတော့တယ်၊ ဘယ်အလုပ်မှ မလုပ်ရဲတော့ဘူး၊ ကောင်းတာ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ မလုပ်ဖြစ်တော့ဘူး၊
      မလုပ်ရဲတဲ့၊ မလုပ်ဖြစ်တဲ့အကြိမ်တွေ များလာတဲ့အခါ မိမိဟာ သူများတွေရဲ့ နောက်ကို မသိမသာနဲ့ ရောက်မှန်းမသိ ရောက်သွားပါတယ်၊ အဲဒီလို သူများတွေရဲ့နောက်ကို ရောက်သွားလေ၊ ကိုယ့်ရှေ့ရောက်သွားတဲ့ သူတွေကို မကျေနပ်လေ၊ မိမိကိုယ်ကိုအလိုမကျဖြစ်လေ ဖြစ်တော့တာပါပဲ၊ အခြားသူတွေကို မကျေနပ်၊ မိမိကိုယ် တိုင်ကို အလိုမကျနဲ့ လောကကြီးတစ်ခုလုံးကိုလဲ မကျေချမ်းနိုင်၊ မိမိရဲ့ ကံကြမ်္မာကိုလဲ စိတ်တိုင်းမကျ၊ တစ်စတစ်စ နဲ့ လောကကြီးကို အပြစ်ပုံချ၊ ကကြမ်္မာကပဲ သူ့ကို မျက်နှာသာမပေးသလို ရိုးမယ်ဖွဲ့ရင်း  အမှားပေါင်းများစွာကို ထပ်ထပ် ကျူးလွန်မိလာပါတော့တယ်။
      အဲဒီအမှားတွေကိုပဲ မိမိရဲ့စိတ်ထဲမှာ အမှန်တရားလို့ထင်လာတယ်၊ နောက်ဆုံးမှာ အမှန်တရားလို့ ထင်ထားတဲ့ အရာတွေဆက်တိုက်ကျူးလွန်ရင်း ပတ်ဝန်းကျင်မှာ နစ်သထက်နစ်လာတော့တယ်၊ ဒီအခါ မိမိကိုယ်ကို မြှင့်တင်ဖို့၊ နစ်နေရာကနေ ရုန်းထွက်ဖို့ နည်းလမ်းပေါင်းစုံသုံးလာတော့တယ်၊ မိမိရဲ့ ရှေ့ရောက်နေတဲ့ သူတွေကို မှီဖို့ဆိုတာ ရိုးသားနေရုံနဲ့မရတော့ဘူးဆိုတဲ့ အတွေးတွေဝင်လာတယ်၊ ဒါကြောင့် ယုတ်ညံ့တဲ့ နည်းလမ်းတွေ သုံးရင်း ယုတ်ညံ့တဲ့စိတ်ဓာတ်တွေ တဖြည်းဖြည်း များလာပါတယ်၊ မိမိမကြိုက်တဲ့ တခြားသူတွေရဲ့ အားနည်းချက်တွေကို ဖိနင်းရင်း အပြစ်ရှာ၊ အပြစ်ပြော၊ နှိပ်ကွပ်အရှက်ခွဲပြီး အခြားသူတွေကို အနိုင်ယူတတ်တဲ့ အကျင့်ဖြစ်လာတယ်၊။
      ဒါကြောင့် မကောင်းမြင်သမားဖြစ်အောင် ပြုမူနေထိုင်တတ်ရမယ်၊ ဒီလိုမဟုတ်ဘဲ သူတပါးတွေရဲ့ အပြစ်တွေချည်းပဲကြည့်နေတတ်တဲ့သူဟာ တစ်နေတစ်ချိန်ချိန်မှာ စိတ်ယုတ်မာတွေ တစ်စတစ်စ ၀င်လာပြီး လောက ဆိုးကျိုးတွေကိုပဲ လုပ်ဆောင်သွားတတ်တယ်၊ ပတ်ဝန်းကျင်ကလက်မခံနိုင်တဲ့သူတစ်ယောက်လဲ  ဖြစ်မှန်း မသိဖြစ်သွားတတ်တယ်။
      ဒါကြောင့် မကောင်းမြင်သမားမဖြစ်အောင် သူတပါးတွေရဲ့ မကောင်းတာတွေပဲ ကြည့်မဲ့အစား မိမိရဲ့ ကုသိုလ် အကုသိုလ်တွေကိုပဲ ဂရုတစိုက်နဲ့ ပြုသင့်တာပြု ရှောင်သင့်တာရှောင်ပြီးတော့ နေထိုင်သင့်တယ်၊ ဒါမှ အကောင်းမြင်သမားတစ်ယောက်ဖြစ်လာမှာ၊ အကောင်းမြင်လာတာနဲ့ အမျှ လောကကြီးကလဲ ကိုယ့်ကို အကောင်းပြန်မြင်လာကြလိမ့်မယ်၊
      န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတကံ၊
      အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိ စ၊
      ပရေသံ-မိမိကိုယ်ကို မလိုမုန်းထား သူတပါးတို့၏၊ ၀ိလောမာနိ- မိမိအပေါ် မလျှော်အောင် စော်စော် ကားကား နာကျည်းဖွယ်စကားတို့ကို၊ န အဝေကေ်္ခယျ-မကျေမနပ် စိတ်ဝယ်မှတ်၍ မပြတ်ခါခါ မရှုမကြည့်ရာ၊ ပရေသံ-မိမိမှ တပါး အခြားသူတို့၏။ ကတာကတံ- ပြုအပ် မပြုအပ် အရပ်ရပ်ဟု ကောင်းမှုမကောင်းမှုကို၊ န အဝေကေ်္ခယျ-အလုပ်တစ်ခု ဂရုပြု၍ မရှုမကြည့်ရာ၊ အတ္တနောဝ-မိမိအတွက်သာလျှင်၊ ကတာနိ စ- ပြုအပ်ပြီးသော အမှုတို့ကိုလည်းကောင်း၊ အကတာနိ စ-မပြုအပ်သေးသော အမှုတို့ကိုလည်းကောင်း၊ အဝေက္ခေယျ-အလုပ်တစ်ခု ဂရုပြု၍ ကြည့်ရှုဆင်ခြင်ရာ၏။
       အဓိပ်္ပါယ်က “သူတပါးရဲ့ပြောတဲ့စကားတွေကို အထအနကောက်ပြီး အပြောက်အကျား အပြစ်အနာ အဆာတွေကို ဂရုစိုက်နေစရာမလိုပါဘူး၊ တပါးသူတွေရဲ့ ကောင်းတာ မကောင်းတာတွေကိုလဲ အလေးထား စရာမလိုဘူး၊ ကိုယ်ကိုယ်တိုင်ရဲ့ ကောင်းတာ မကောင်းတာကိုသာ ကိုယ့်ကိုယ်တိုင်အတွက် အလေးပြု ဂရုထားသင့်တယ်၊” တဲ့။
      ကိုယ်လုပ်ရမဲ့အလုပ်သာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေသင့်တယ်၊ သူတပါးရဲ့အပြစ်အနာအဆာ တွေကို ကြည့်ပြီး ကိုယ့်အတွက် အကုသိုလ်ဖြစ်စေမဲ့ လုပ်ရပ်မျိုးမလုပ်သင့်ဘူး၊ ရှေးစကားတစ်ခုတောင် ရှိပါတယ် ““သူ့အကုသိုလ်က  ကိုယ့်အကုသိုလ်မဖြစ်စေနဲ့””တဲ့၊ ဒါဘာပြောသလဲဆိုရင် တခြားသူတွေကျူးလွန်ထားတဲ့ အပြစ်တွေက နောင်တစ်ချိန် သူတို့အကျိုးခံစားရမှာပဲ၊  သူတို့အပြစ်တွေကိုသာ ကိုယ်က ဘာမဆိုင် ညာမဆိုင် ဘေးကနေ ဒေါသတွေဖြစ်နေရင်၊ သူတို့လုပ်တဲ့အပြစ်တွေကို ကိုယ်ကမခံမရပ်နိုင်ဖြစ်နေရင် ကိုယ်သာ အကုသိုလ် ရတာပဲဆိုတဲ့ အဓိပ်္ပါယ်ပဲ၊ သူ့မကောင်းမှုလုပ်ရင် သူမကောင်းကျိုးခံစားရမှာပဲ၊ သူ့မကောင်းမှုကို ကိုယ့်ဆီမရောက် စေနဲ့ပေါ့၊ အဓိကက ပုဂ်္ဂိုလ်ကို မကြည့်နဲ့၊ ကိုယ့်ရဲ့ကောင်းမှု မကောင်းမှုကိုပဲကြည့်လို့ပြောတာ။ ကိုယ့်မှာ ကောင်းမှု ဖြစ်တာ မဖြစ်တာကိုပဲ အဓိကကြည့်ရမှာ။
      မြတ်စွာဘုရားလက်ထက်က ဥပါသကာတစ်ယောက်ရှိတယ်၊ ရတနာသုံးပါးအပေါ် လေးလေးနက်နက် ယုံကြည်တယ်၊ မြတ်စွာဘုရားနဲ့တပည့်သား သံဃာတွေအပေါ် လိုလေးသေးမရှိ ပစ်္စည်းလေးပါး ထောက်ပံ့ လှူဒါန်းလေ့ရှိတယ်၊ သူ့ရဲ့ နိစ်္စဘတ်တစ်ခုရှိတယ်၊ အဲဒါက ဇေတ၀န်ကျောင်းတိုက်မှာ ရှိတဲ့သံဃာတွေကို အလှည့်ကျ သူ့အိမ်ကို ပင့်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိတယ်၊ တစ်လကို တစ်ကြိမ်ပေါ့၊ ကျောင်းထဲမှာ ရှိတဲ့ သံဃာတွေကလဲ သူ့အိမ်ကို အလှည့်ကျတဲ့သံဃာက တစ်လကို တစ်ပါးသွားရတယ်၊
      အဲဒီမှာ တစ်နေ့တော့ အဲဒီဥပါသကာရဲ့အိမ်ကို အကျင့်ပိုင်းမှာ သိပ်အလေးမထားတဲ့ ကြီးမှဝတ်တဲ့ ဦး ဇင်းကြီးတစ်ပါး အလှည့်ရောက်တယ်၊ ဆွမ်းကပ်မဲ့ဥပါသကာကလဲ ဆွမ်းမကပ်ခင်နေ့မှာ ကျောင်းမှာသွားစရာ ကိစ်္စရှိတာနဲ့ ကျောင်းရောက်သွားတော့ “တပည့်တော်အိမ် မနက်ဖြန် ဘယ်မထေရ်အလှည့်ကျသလဲဘုရား”လို့ မေးလျှောက်တဲ့အခါ  “ဘယ် ရဟန်းတော် အလှည့်ကျပါတယ်”လို့ ပြန်ပြောတဲ့အခါ အဲဒီရဟန်းဟာ အကျင့်ပိုင်းမှာ အလေးမထားတဲ့ ဦးဇင်းကြီးဆိုတာ သိသွားတယ်၊
      ဒါပေမဲ့ အဲဒီဥပါသကာက စိတ်မပျက်ပါဘူး၊ သူကပ်နေကျအတိုင်း ကြွလာတဲ့ဦးဇင်းကြီးကို သေသေချာ ချာ ရိုရိုသေသေ ခြေဆေးခြေသုတ်ပြီး အခင်းသန့်သန့်ပြန့်ပြန်ခင်းကျင်းပေးပြီး၊ ဆွမ်းကပ်တော့လဲ ကျကျနန ကောင်းပေ့ဆိုတဲ့ ဆွမ်းဟင်းတွေနဲ့ သပ်သပ်ရပ်ရပ်ကပ်တာပါပဲ၊ တရိုတသေတလေးတစားနဲ့ တကယ့်မထေရ်ကြီး တပါးလိုပြုစုလုပ်ကျွေးတာပါပဲ၊
      အဲဒီမှာ   ဥပါသကာက ကောင်းကောင်းမွန်မွန် ရိုရိုသေသေ တလေးတစားနဲ့ ဆွမ်းဆက်ကပ်တော့ ဦးဇင်းကြီးရဲ့စိတ်ထဲမှာ “ ဒီဒကာကတော့ င့ါကို ကြည်ညိုနေပြီ၊”လို့ တွေးသတဲ့၊ အဲဒီလိုတွေးပြီးတော့ နောက်ရက်ကျ တော့ အဲဒီဥပါသကာအိမ်ကို ထပ်သွားတယ်၊ သူကကျောင်းဆောက်နေတာဆိုတော့ ကျောင်းဆောက်တဲ့နေ ရာမှာ သုံးဖို့ ပေါက်ပြားသွားအလှူခံပါတယ်၊ “ဦးဇင်းကြီး ဘာလိုတုန်း”ဆိုတော့ ““ပေါက်တူးအလိုရှိလို့ပါ””လို့ ပြောတယ်၊
      အဲဒီလိုပြောတဲ့အခါ ဥပါသကာက အိမ်နောက်ဖေးမှာထားတဲ့ ပေါက်တူးကို ခြေထောက်နဲ့ မပြီး ပစ်ပေးလိုက်သတဲ့၊ ဒါကို အခြားအိမ်းနီးနားချင်းတွေက မြင်တဲ့အခါ တအံတသြဖြစ်ကြတာပေါ့၊ “ဘယ်နှယ် ဒီဥပါသကာက ရဟန်းသံဃာတွေအပေါ်မှာ အရမ်းကြည်ညိုလေးစားပါတယ်၊ မနေ့ကတောင် ဒီဦးဇင်းကြီးကို ဆွမ်းတွေဘောဇဉ်တွေ သေသေချာချာ ကျကျနနဆက်ကပ်လှူဒါန်းနေတာပဲ၊ တရိုတသေလေးလေးစားစား ဆက်ကပ်နေတာ တွေ့ပါတယ်၊ ဒီနေ့ကျမှ ဘယ်လိုဖြစ်လို့ ဦးဇင်းကြိးကို မလေးမစား ခြေထောက်နဲ့ပစ်ပြီး ပေါက်တူးကို ပေးရတာလဲ၊ ဘယ်လိုလဲ၊ ဘာလဲ”နဲ့ မေးကြတဲ့အခါ သူကရှင်းပြပါတယ်၊
      ““မနေ့တုန်းက အဲဒီရဟန်းကြီးကို တရိုတသေ လေးလေးစားစား ဆွမ်းဘောဇဉ်ဆက်ကပ်တယ်ဆိုတာ မှန်ပါတယ်၊ မနေ့တုန်းကတော့ သူက သူ့ပုဂ်္ဂလိကအတွက် လာတာမဟုတ်ဘူး၊ သံဃာတော်တွေရဲ့ ကိုယ်စား လာတာဖြစ်တယ်၊ သံဃာတစ်ပါးအဖြစ်လာတာဖြစ်တယ်၊ အဲဒါကြောင့် သံဃာကိုရည်မှန်းပြီး ဆက်ကပ်တာဖြစ်တဲ့ အတွက် တလေးတစားဆက်ကပ်တာပါ၊ ရဟန်းကြီးကို ကပ်တာမဟုတ်ဘူး၊ သံဃာကို ဆက်ကပ်တာပါ၊ ဒီနေ့တော့ သူက သူ့အတွက်(ပင့်လျှောက်ထားတာလဲ မဟုတ်ဘဲ) လာရောက်တောင်းရမ်းတဲ့သဘောမို့  သူတောင်းတဲ့ ပေါက်တူးကို ခြေထောက်နဲ့ ပစ်ပေးလိုက်တာပါ””တဲ့၊
      ဒီအဖြစ်လေးကိုကြည့်ပြီး မိမိကိုယ်တိုင် ဘယ်လိုစိတ်ထားရမယ်ဆိုတာ သတိထားသင့်တယ်၊ တစ်ခါတစ်ခါ ပုဂ်္ဂိုလ်ရေးနဲ့ဆိုင်လာရင်တော့ ကိုယ့်နဲ့တိုက်ရိုက်မပတ်သက်ရင် ဥပေက်္ခာပြုထားရမယ်၊ ကိုယ်နဲ့တိုက်ရိုက် ပတ်သက်ရင်တော့ တစ်မျိုးပေါ့၊  ဒါပေမဲ့ အများနဲ့ဆိုင်လာတဲ့ အခါ အများအပေါ်တာဝန်ရှိသူတစ်ယောက်ဆိုရင် အဲဒီအများရဲ့အခြေနေကို အလေးဂရုပြုရမယ်၊ ခုနက ဥပါသကာလို သံဃာကိုယ်စားလာတဲ့အချိန်မှာ ရိုရိုသေသေ လေးလေးစားစားရှိသလိုပေါ့၊ သံဃာကို အလေးဂရုပြုသလို ရဟန်းကြီးအပေါ်မှာလဲ အလေးဂရုပြုတယ်၊ ဒါကြောင့် အများနဲ့ဆိုင်တဲ့ အများအပေါ်တာဝန်ရှိသူတစ်ယောက်ယောက်ကို မဖြစ်မနေဆက်ဆံရတော့မယ်ဆိုရင် ဒီဥပါသကာလို သံဃာတော်တွေရဲ့ကိုယ်စားဆိုတဲ့စိတ်ထားတတ်ရမယ်၊ အခုခေတ် ရဟန်းတွေဆိုတာလဲ သံဃာထဲမှာ အပါအ၀င် ဖြစ်တာမို့ သံဃာကို ရည်မှတ်ပြီး ဆည်းကပ်ကိုးကွယ်သင့်တယ်၊ ပုဂ်္ဂိုလ်ရေးကို မကြည့်ပါနဲ့၊ သံဃာတော်တွေထဲမှာ အပါအ၀င်မို့ သံဃာကို ဆည်းကပ်ကိုးကွယ်တာပဲဆိုတဲ့ ကောင်းတဲ့စိတ်လေးနဲ့ ဆည်းကပ် ရင်တော့ ကိုယ့်သန်္တာန်မှာ မွန်မြတ်တဲ့ကုသိုလ်တွေ ရတာပေါ့၊ ရဟန်းနဲ့ သံဃာကို ကွဲပြားအောင်မြင်တတ်ပါစေ၊ ရဟန်းက သံဃာထဲမှာနေပြီး သံဃာဂုဏ်နဲ့မညီရင်လဲ သံဃာအပေါ်ရည်ညွှန်းပြုတဲ့ ကိုယ့်ကုသိုလ်က သံဃိက ကုသိုလ်ပါပဲ၊ ရဟန်္တာမထေရ်ဆီမှာပြုတဲ့ကုသိုလ်လိုပဲ မွန်မြတ်တာချင်းအတူတူပါပဲ၊ သံဃာဂုဏ်နဲ့ မညီတဲ့ ရဟန်းမှာသာ သူ့အပြစ်သူ ခံရမှာပါပဲ၊၊
      ကိုယ်က ကိုယ်လုပ်ရမဲ့အလုပ်ကို စိတ်ဓာတ်ကောင်းကောင်းနဲ့ လုပ်တတ်ဖို့လိုတာပါ၊ ဒါကြောင့် အခြားသူတွေရဲ့အပြစ်တွေပဲ ကြည့်ပြီး မဆက်ဆံပါနဲ့၊ လူတိုင်းမှာ ကောင်းတဲ့အချက်လေးတွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်စမြဲပဲ၊ အဲဒီကောင်းတဲ့အချက်လေးတွေကို မြင်အောင်ကြည့်ပြီး ဆက်ဆံရင် လောကကြီးက တကယ်ပျော်စရာကောင်းပါတယ်၊
      ပျော်စရာဘ၀မှာ ပျော်စရာတွေပဲ ကြည့်မြင်နိုင်ပြီး ပျော်စရာတွေပဲ ဖြန့်ဝေနိုင်ပါစေ၊ ပျော်ရွှင်စွာနဲ့ပဲ အများ အကျိုး၊ လူမျိုးဘာသာ ရပ်ရွာအကျိုး သယ်ပိုးနိုင်ပါစေ၊
      ဆုံးမစကားပြောတာမဟုတ်ပါ၊ ချစ်လို့ပြောတယ်လို့ မှတ်ပါ။

   အရှင်သုဝီရ  မဟာဂန္ဓာရုံ၊ အမရပူရ

No comments:

Post a Comment