ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Friday, September 28, 2012

မှဲ့ကလေး


                    မှဲ့ကလေး

       အသိပညာရဲ့တန်ဖိုးအကြောင်း ပြောမယ်ဆိုရင် ပြောစရာတွေ များပါတယ်၊ ဒီအသိပညာအကြောင်းကို မပြောခင် ဇာတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်၊
       မိမိခပ်ငယ်ငယ်က အသိမိန်းကလေး တစ်ယောက်တွေ့ဖူးတယ်၊ အရွယ်လေးက ခပ်ငယ် ငယ်ပေါ့၊ ချောချောလှလှလေးပါပဲ၊ ပတ်ဝန်းကျင်မှာလဲ ချစ်စရာကောင်းတယ်လို့ သတင်းထွက်ပါတယ်၊ ပင်ကိုယ်ကတည်း က လှပါတယ်၊ ချစ်သူထားရမဲ့အရွယ်ရောက်လာတဲ့အခါဆိုတော့ ချစ်သူတွေ ဘာတွေ ရတာပေါ့၊ အဲဒီမိန်းကလေး က သူ့ချစ်သူကို အရမ်းချစ်ပါသတဲ့၊ အရမ်းချစ်တော့ သူ့ချစ်သူနဲ့ ဝေးကွာသွားမဲ့ အဖြစ်မျိုး၊ သူ့ချစ်သူနဲ့ လွဲချော်ရမဲ့ ဘယ်အခြေအနေမျိုးကိုမှ လက်မခံနိုင်လောက်အောင် ချစ်ပါတယ်တယ်တဲ့၊
       သူ့မျက်နှာပေါ်က ပါးတစ်ဖက်မှာ မှည့်လေးတစ်လုံးပါပါတယ်၊ (မိမိအနေနဲ့ဆိုရင်တော့ အဲဒီမှည့်လေးက သူ့အလှကို ပိုပြီးပေါ်လွင် စေတယ်လို့ ထင်ပါတယ်၊ ထင်တာပြောတာပါ)၊ အဲဒီမှည့်လေးကို ကြည့်ပြီး ဘေးပတ်ဝန်း ကျင်က ““မျက်ရည်ခံ မှည့်၊ မျက်ရည်ခံမှည့်””ဆိုပြီးတော့ ပြောကြတယ်တဲ့၊ မျက်ရည်ခံမှည့်ရှိတော့ ဘာဖြစ်သလဲ၊ မျက်ရည်ခံမှည့်ရှိရင်  ချစ်သူနဲ့ မပေါင်းရတတ်ဖူးတဲ့၊ ကိုယ့်ချစ်တဲ့သူနဲ့ ခွဲခွာရတတ်တယ်။ ချစ်သူနဲ့ပေါင်းရရင်လဲ သူတို့ချစ်သူနှစ်ယောက်ထဲက တစ်ယောက်ယောက်က သေသွားတတ်တယ်၊ ဒီလိုမျိုး၊ ဟိုလူကတစ်မျိုးပြော၊ ဒီလူက တစ်မျိုးပြော၊ ပြောကြတဲ့ အခါကျတော့ သူ့စိတ်ထဲမှာ နဲနဲဇဝေဇ၀ါဖြစ်သွားတယ်၊ သူ့ချစ်သူနဲ့လဲ မခွဲခြင်ဘူး၊ ဒီမှည့်လေးကိုမြင်တိုင်းလဲ သူ့ချစ်သူနဲ့ ခွဲခွာရမှာကို စိတ်ထဲမှာ စိုးရိမ်တယ်၊ ကိုယ့်မျက်နှာကို မှန်ထဲကြည့်တိုင်း ဒီမှည့်လေးကို ဖျက်ပစ်ချင်တယ်၊ သူ့ချစ်သူကို ချစ်တဲ့စိတ်နဲ့ပေါ့၊ သူ့ချစ်သူကို ချစ်သလောက် ဒီမှည့်လေးကို မုန်းတယ်၊ (ဆိုးတယ်နော်၊ မိမိ မျက်နှာပေါ်က မှည့်လေးတောင် ငြိမ်ငြိမ်မနေရဘူး၊ ချစ်သူကြားမှာ အနှောက် အယှက်ဖြစ်တယ်လို့ ထင်နေတယ်၊ ချစ်သူကို ကိုယ့်မျက်နှာထက်တောင် ချစ်ပါတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်၊)

       နောက်ဆုံး ဒီမှည့်လေးကို ဖျက်ပစ်ချင်တဲ့အခါ ဘယ်လိုဖျက်ပစ်ရမလဲ၊ ဖျက်ပစ်ရမဲ့နည်းလမ်းတွေကို သူငယ်ချင်းတွေနဲ့တိုင်ပင်တဲ့အခါကျတော့၊ အဲဒီအထဲက နည်းလေးတစ်ခု ရတယ်၊ သူ့အနေနဲ့ အကောင်းဆုံးနည်း လို့ ထင်တာပေါ့၊ သက်သာလည်း သက်သာတယ်၊ ဖြစ်လည်း ဖြစ်နိုင်တယ်ဆိုပြီး ဒီနည်းလေးကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်၊
       အဲဒီနည်းလေးက၊ ဘာလဲဆိုတော့၊ အက်စစ်နဲ့တို့တာတဲ့၊ အက်စစ်နဲ့ မှည့်လေးကို တို့လိုက်တာကို ပြောတာနော်၊ အက်စစ်က အသားကို စားသွားတတ်တယ်၊  ဒီမှည့်လေးကို အက်စစ်နဲ့တို့လိုက်ရင် အက်စစ်က ဒီမှည့်လေးကို စားသွားမယ်၊ အက်စစ်စားသွားရင် ဒီမှည့်လေး ဖျက်ပစ်ပြီးသားဖြစ်ပြီ၊ ကဲ ဘယ်လောက်လွယ်သလဲ၊ ဒါကြောင့် ဒီနည်းလေးကို အသုံးပြုလိုက်တယ်၊
       အကျိုးဆက်ကတော့၊ နောက်ရက် အဲဒီမိန်းကလေး ဆေးရုံရောက်သွားတယ်လို့ ကြားလိုက်တယ်၊  အက်စစ်က သူ့မကြိုက်တဲ့ မှည့်လေးတင်မကဘူး၊ မှည့်ပတ်ဝန်းကျင်က အသားတွေပါ စားကုန်တယ်၊ အက်စစ် စားတာကို ရပ်သွားအောင် ဘယ်လိုမှ မလုပ်တတ်တော့၊ ဆေးရုံပြေးရတော့တာပေါ့၊ ဆေးရုံရောက်တော့ သူ့မျက်နှာကို အက်စစ်က တော်တော်စားသွားပြီ၊ သူ့မျက်နှာက အက်စစ်ကြောင့် ပျက်စီးသွားတယ်၊ အလှပျက် သွားတယ်၊ အလှပျက်သွားတော့ သူ့ချစ်သူကလဲ ဆက်လက်ပြီး လက်တွဲဖို့ဆိုတာ စဉ်းစားစရာဖြစ်နေတော့ လမ်းခွဲသွားတယ်၊ သူစိုးရိမ်နေသလိုပဲ သူချစ်သူနဲ့လဲ ဝေးသွားတယ်၊
       ကဲ ဒီမှည့်လေးက မျက်ရည်ခံမှည့်စစ်စစ်လေးဖြစ်သွားတယ်နော်၊ တကယ်တော့ သေချာတွေးကြည့်သင့် တယ်၊ ဒီမျက်ရည်ခံမှည့်ကြောင့် ချစ်သူနဲ့ကွဲသွားတာလား၊ ဒီမှည့်ကို မျက်ရည်ခံမှည့်လို့ ယူဆလိုက်တဲ့ သူ့ရဲ့ တွေးထင်မှုကြောင့် ၊ ကျိုးကြောင်းဆီလျှော်မှုမရှိတဲ့ အယူသီးမှုကြောင့် ဒီမှည့်လေးကို ဖျက်ပစ်ချင်တယ်။ ဖျက်ပစ်တဲ့နေရာမှာလဲ သဘောသဘာဝကို သေချာသုံးသပ်တတ်မှု မရှိခြင်း၊ အသိပညာမဲ့ခြင်းက ချစ်သူနဲ့ ကွဲသွားစေတာလား၊ စဉ်းစားစရာနော်။
       ကိုယ့်ရဲ့အသိပညာမဲ့မှုကြောင့် ကိုယ်လည်း အလှပျက်၊ ချစ်သူနဲ့လည်း ကွဲ၊ ကိုယ့်မိဘညီအစ်ကို မောင်နှမ တွေလည်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ရတယ်၊ ဒါဟာ အသိပညာမဲ့လို့ ဖြစ်ရတာ၊ ကျိုးကြောင်းဆီလျှော်အောင် တွေးခေါ်တတ်တဲ့ အသိပညာသာ ရှိမယ်ဆိုရင် ဒီလိုဆိုးကျိုးတွေ ဖြစ်မှာ မဟုတ်ဘူး၊ သူလည်း အလှပျက်မှာ မဟုတ်ဘူး၊ သူ့ချစ်သူနဲ့လည်း ကွဲမှာမဟုတ်ဘူး၊
        မြန်မာလူ့အသိုင်းအ၀ိုင်းမှာ ဒီလို မဟုတ်တဲ့အယူသီးမှုတွေက လူမျိုးတွေရဲ့ အသိပညာကို ပိတ်ပင်ထား တတ်တယ်၊ အသိပညာပိုပြီး မဲ့စေတယ်၊ အယူသီးမှုတွေ များလေ အသိပညာမဲ့လေပဲ၊ အသိပညာမဲ့လေ ဆိုးကျိုးများလေပေါ့။
       မိမိတို့ မြန်မာတွေမှာက ဟိုရှေးကတည်းက မှားယွင်းတဲ့အယူသီးမှုတွေ အများကြီးရှိတယ်၊ ဘယ်နေ့ ခရီးမထွက်ကောင်းဘူး၊ ဘယ်နှစ်ယောက်ခရီးမသွားကောင်းဘူးဆိုတဲ့ အယူသီးမှုတွေ၊ ပြသဒါး ရက်ရာဇာ အယူအဆတွေ၊ ဟိုဟာ မလုပ်ကောင်းဘူး၊ ဒီဟာ မလုပ်ကောင်းဘူး စသည်စသည် များစွာသော လွဲမှားတဲ့ အယူအဆတွေ အံ့သြလောက်အောင်ကို များပါတယ်၊ တစ်ချို့ဟာတွေဆို နဲနဲလေး စဉ်းစားကြည့်ယုံနဲ့ အဓိပ်္ပါယ် မရှိမှန်း သိပါရဲ့နဲ့ စွဲစွဲမြဲမြဲယူထားတဲ့ အယူသီးမှုတွေလဲ ရှိသေးတယ်၊
       အဲဒီလို အဓိပ်္ပါယ်မရှိ၊ မှန်ကုန်မှု မရှိမှန်း သိပေမဲ့ ဟိုးရှေးကတည်းက စွဲယူထားတဲ့ အယူသီးမှုက အရိုးစွဲနေအောင် ဖြစ်နေတော့ ညာစားမဲ့လူတွေက အဲဒီလိုလူမျိုးတွေကို နည်းမျိုးစုံသုံးပြီး လိမ်စားနေတာတွေ  မကြာခဏတွေ့နေရတယ်၊
       အသိပညာမရှိတော့ မှားယွင်းတဲ့အယူသီးမှုတွေကို စွဲစွဲမြဲမြဲယုံကြည်တယ်၊ မှားယွင်းတဲ့ အယူသီးမှုက အသိပညာကို ပိုပြီးတော့ မဲ့စေပါတယ်၊ အသိပညာမဲ့လာရင် အသိပညာမဲ့တဲ့သူတွေကို အခွင့်ကောင်းယူပြီး လိမ်စားတဲ့သူတွေ များလာပါတယ်၊

No comments:

Post a Comment