ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Thursday, October 18, 2012

စိတ်အကြောင်း




စိတ်အကြောင်း
( စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း ညီအစ်ကိုမောင်နှမ သားချင်း သမီးခင်ပွန်းချင်း ဆရာ ဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာ ကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည်မဟုတ်။ ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိ စိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြ ပေသည်။ )

အာရုံကို သိတတ်သော သဘောသည် စိတ်

ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သောသဘောကို ““စိတ်””ဟု ခေါ်သည်။ ““သိ””ဆိုသော်လည်း ဉဏ်ဖြင့်သိသော အသိ မဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် ““အသိ””ဟု ခေါ်သည်။

အရုံ ၆ ပါး, အသိ ၆ မျိုး

၁။       အဆင်း အရောင်ဟူသမျှ        =       ရူပါရုံ
၂။       အသံဟူသမျှ   =       သဒ္ဒါရုံ
၃။       အနံ့ဟူသမျှ     =       ဂန္ဓာရုံ
၎။       အရသာဟူသမျှ         =       ရသာရုံ
၅။       အတွေ့ဟူသမျှ =       ဖောဋ္ဌဗ္ဗာရုံ
၆။       ကြွင်းသောသိဖွယ်ဟူသမျှ       =       ဓမ်္မာရုံ
ရူပါရုံကို မြင်သောအခါ၊ မြင်သိ-သိသောစိတ် ဖြစ်၏။ သဒ္ဒါရုံကို ကြားသောအခါ၊ ကြားသိ-သိသောစိတ်။ ဂန္ဓာရုံကိုနံသော၊ မွှေးသော အခါ နံသိ၊ မွှေးသိ- သိသောစိတ်၊ ရသာရုံကိုအရသာခံ သောအခါ၊ အရသာသိ-သိသောစိတ်၊ တစ်စုံတစ်ခုကိုတွေ့ထိရသော အခါ၊ အတွေ့ အထိသိ-သိသောစိတ်၊ ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်း အရာတွေကို သိသောအခါ ဆိုင်ရာကို သိသော စိတ်များ ဖြစ်ကြ လေသည်၊ ဤသို့ ဆိုင်ရာအာရုံကို ရအောင် ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းတည်း။

စိတ်၏အခြင်းအရာ

စိတ်သည် အဝေးသို့လည်း သွားနိုင်၏၊ တစ်ပါးတည်းသာ လှည့်လည်လေ့ရှိ၏၊ ခန္ဓာကိုယ် အထည်ဒြပ်လည်းမရှိ၊ ခန္ဓာကိုယ်ဝယ် ဟဒယလိုဏ်ဂူ၌ အများအားဖြင့် ဖြစ်လေ့ရှိ၏ဟု ဓမ္မပဒပါဠိတော်၌ ဟောတော်မူသည်၊ ထိုသို့ ဟောတော်မူသည့်အတိုင်း စိတ်၏ အခြင်း အရာကို ထင်ရှားအောင် ပြပါဦးမည်။ 


အဝေးလည်းသွား

စိတ်သည် ခြေဖြင့် လျှောက်သွားနိုင်သကဲ့သို့ အဝေးရပ် ရောက်အောင် သွားနိုင်သည်မဟုတ်၊ သို့သော် အလွန်ဝေးသော အရပ်ကို လှမ်း၍ အာရုံပြုနိုင်ရကား အဝေးရောက်အောင် သွားသကဲ့သို့ ထင်ရပေသည်၊ ဥပမာ-မန္တလေးမှနေ၍ ရန်ကုန်ရှိ အာရုံများကို အာရုံ ပြုရာ၌ စိတ်သည် ရန်ကုန်သို့ ရောက်သွားသည် မဟုတ်၊ မန္တလေးမှာ ဖြစ်လျက်ပင် ရန်ကုန်သို့ လှမ်း၍ အာရုံပြုနိုင်သည်၊ ထိုသို့ အဝေး အာရုံကို ယူနိုင်သည့်အတွက် ““အဝေးလည်း သွား”” ဟု ဆိုရပေသည်။


တစ်ပါးတည်း   လည်

စိတ်သည် အလွန်အဖြစ်အပျက် မြန်၏၊ လက်ဖျစ်တစ်ချက် တီးခန့် အချိန်မှာပင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်၏၊ ထိုမျှလောက် အဖြစ်အပျက် မြန်သည့် အတွက် စိတ် ၂-မျိုး ၃-မျိုး တစ်ပြိုင်နက်ဖြစ်၍ အာရုံ ၂-ခု ၃-ခုကို တစ်ခါတည်း ယူနိုင်သည်ဟု ထင်ရလေသည်၊ စင်စစ်မှာ ၂-စိတ် ၃-စိတ် ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစ်စိတ်ပြီးမှ တစ်စိတ် ဖြစ်၍ အာရုံတစ်ခုကို ယူပြီးမှ တစ်ခြားအာရုံတစ်ခုကို ဆက်၍ ယူရသည်။
မွှေးကြိုင်စွာ ပန်းနံ့သာ ခြယ်လှယ်ထားသော ဖဲမွှေ့ရာပေါ်မှာ ထိုင်လျက် ချိုချဉ်စားရင်း က၍ သီဆိုနေသူကို ကြည့်ရှု နားထောင်ရာ ၌ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အာရုံ  ၅-မျိုးလုံးပင် အနီး အပါးတွင်ရှိ၏၊ ထိုအခါ စိတ်သည် ထိုအာရုံ ၅-မျိုးလုံးကို တစ်ပြိုင် နက်မသိ၊ မိမိအနှစ်သက်ဆုံး အာရုံတစ်ခုခုကို စိတ်တစ်မျိုးဖြင့် ရှေးဦးစွာ သိပြီးမှ အခြားအခြားသော အာရုံများကို တစ်ခုပြီးတစ်ခု ဆက်၍ ဆက်၍ သိသည်။
ဤသို့လျှင် စိတ်သည် ၂-ပါး ၃-ပါး (အများအပြား) ပြိုင်၍ ဖြစ်ရိုးမရှိ၊ တစ်ခုတည်းသာ ဖြစ်ရိုးရှိသောကြောင့် ““တစ်ပါးတည်း လည်”” ဟု ဆိုရပေသည်။
ဆက်ဦးအံ့-““လည်””ဆိုသော်လည်း အဝေးသို့ လှည့်လည်သည် မဟုတ်၊ အဝေးအာရုံကို ယူနိုင်သောကြောင့် ““လည်=လှည့်လည်””ဟု ဆိုရပေသည်၊ အာရုံတစ်ခုကို စိတ်က ယူရာ၌လည်း ထိုအာရုံကို စိတ်တစ်စိတ်တည်းက အပြီးအစီးသိအောင် မယူနိုင်၊ အာရုံတစ်ခုကို သိထိုက်သမျှသိအောင် စိတ်ပေါင်း အတော်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ရသည်၊ ထိုသို့ ဆက်၍ဆက်၍ အတော်များစွာ ဖြစ်ရသော်လည်း လက်ဖျစ်တစ်ချက်တီး အချိန်မှာ ကုဋေသိန်းပေါင်း များစွာ ဖြစ်ပျက် နိုင်သောကြောင့် လူအပေါင်းတို့က မြင်-မြင်ခြင်း၊ ကြား-ကြားခြင်း၊ မွှေး-မွှေးခြင်း၊ 
ထိ-ထိခြင်း သိသည်ဟု မှတ်ထင် ကြသည်။

ကိုယ်ထည်မရှိ

စိတ်မှာ အထည်ကိုယ်ဒြပ် အထင်အရှားမရှိ၊ ထို့ကြောင့် စိတ်ကို  ဖြူသည်၊ မည်းသည်၊ ပိန်သည်၊ ၀သည်ဟု မဆိုနိုင်၊ အာရုံကို သိနိုင် သော သဘော သတ်္တိမျှသာ ထင်ရှားရှိသည်။

ဂူအောင်းဘိ

မြင်သိ-သိသောစိတ်သည် မျက်လုံးအတွင်းမှာ ဖြစ်၏၊ ကြားသိ-သိသောစိတ်သည် နားအတွင်းမှာ ဖြစ်၏၊ နံသိ-သိသောစိတ်သည် နှာခေါင်းအတွင်းမှာ ဖြစ်၏၊ အရသာသိ-သိသောစိတ်သည် လျှာအတွင်း မှာ ဖြစ်၏၊ အတွေ့သိ-သိသောစိတ်သည် ခန်္ဓာကိုယ်ဝယ် ထိမိရာ အရပ်တိုင်းမှာ ဖြစ်၏၊ ဤသို့လျှင် အချို့ အချို့စိတ်များ မျက်လုံး စသောအရပ်၌ ဖြစ်သော်လည်း များစွာသော စိတ်တို့ကား ရင်ချိုင့် အတွင်းရှိ ဟဒယနှလုံးအိမ်မှာ ဖြစ်ကြသည်၊ ဤသို့လိုဏ်ဂူနှင့် တူသော နှလုံးအိမ်မှာ အဖြစ်များသောကြောင့် စိတ်ကို ““ဂူအောင်းသည်”” ဟု ဆိုရပေသည်။
အချုပ်မှာ-စိတ်ဟူသည် ပုံသဏ္ဍာန်မရှိ၊ အာရုံကို ရအောင်ယူခြင်း၊ အာရုံကိုသိခြင်း သဘောသတ်္တိသာတည်း၊ ထိုကဲ့သို့ အာရုံယူရာ၌ မိမိဖြစ်ရင်းစွဲ ဟဒယလိုဏ်ဂူအတွင်းမှ တစ်ဆံချည်မျှ အပြင်မထွက် ကြဘဲ အလွန်ဝေးသော အာရုံကို လှမ်း၍ယူနိုင်ကြသည်၊ ထိုသို့ ယူရာ၌ ၂-စိတ် ၃-စိတ် ပြိုင်တူပူးပေါင်း၍မဖြစ်၊ တစ်စိတ်ပြီးတစ်စိတ် စီကာ စဉ်ကာ ဖြစ်သည်ဟု မှတ်ပါ။
[ဆောင်]        ၁။       အာရုံတစ်ခု၊ ရအောင်ပြု၊ မှတ်ရှုစိတ်သိပုံ။                
                    ၂။       အဝေးလည်းသွား၊ တစ်ပါးတည်းလည်၊ ကိုယ်ထည် မရှိ၊ ဂူအောင်းဘိ၊ စိတ်၏ခြင်းရာစုံ။

                 
စိတ်ကောင်းစိတ်ဆိုး ရောနေပုံ

စိတ်တို့သည် အလွန်အဖြစ်အပျက် မြန်သောကြောင့် ၅ မိနစ် လောက်အတွင်းမှာပင် စိတ်ကောင်းစိတ်ဆိုး (ကုသိုလ် အကုသိုလ်စိတ်) ရောနှောလျက် ဖြစ်တတ်သည်၊ နံနက်စောစော အိမ်ပေါ်မှ ဘုရားရှိခိုး လျက် ကုသိုလ်စိတ်ဖြစ်နေစဉ် အိမ်အောက်ထပ်မှ ရောင်းဝယ်မှုကိစ္စဖြင့် ခေါ်သံကြား၍ လောဘစိတ်ဖြစ်ရ၏၊ ဘုရားအာရုံနေစဉ် မခံချင်စဖွယ် ပြောလာသဖြင့် ဒေါသစိတ် ဖြစ်ရ၏။
ရောင်းမှု၊ ၀ယ်မှု၊ လောဘကိစ်္စ ပြုတုန်းမှာပင် လှူချင်တန်းချင် သည့်အခါ (လှူမည်တန်းမည်ဟု ကြံမိသည့်အခါ) သဒ်္ဓါစိတ် ““ကုသိုလ် စိတ်”” ဖြစ်၏၊ တစ်စုံတစ်ခု အလိုမကျ ဒေါသဖြစ်နေ တုန်းမှာ ဆရာသမားတို့၏ အဆုံးအမကို သတိရ၍ သတိစိတ် ““ကုသိုလ်စိတ်”” ဖြစ်ပြန်၏၊ တဏှာပေမ လောဘစိတ်ဖြင့် သမီး ခင်ပွန်း စကားပြောနေစဉ် စကားပြောမတည့်၍ ဒေါသစိတ်ဖြစ်လေရာ တစ်ယောက်ယောက်က ကျေနပ်အောင် ချော့သဖြင့် စိတ်ပျော့၍ လာသောအခါ လောဘ စိတ်ဖြစ်ပြန်၏၊ ဤသို့ စသည်ဖြင့် စိတ်တို့၏ ပြောင်းလဲပုံ လျင်မြန်သော ကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မိမိစိတ်ကို ““စိတ်ကောင်းလား၊ စိတ်ဆိုးလား””ဟု ခွဲ ခြား၍ သိအောင် သတိထားပြီးလျှင် မိမိစိတ်ကို စိတ်ကောင်း များများဖြစ်အောင် ပြုပြင်ကြပါကုန်။

ရုပ်ချင်းကွဲသလို စိတ်ချင်းကွဲပုံ

လူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ရုပ်ချင်းမတူကြသကဲ့သို့ ထို့အတူ စိတ်ချင်းလည်း မတူကြချေ၊ ထုံထိုင်းသောရုပ် သွက်လက် သောရုပ် ကွဲပြားသကဲ့သို့ ထုံထိုင်းရိုးအသောစိတ် သွက်သွက် လက်လက် ထက်မြက်သောစိတ် ဟုလည်း ကွဲပြား လျက်ရှိ၏၊ ထိုကဲ့သို့ကွဲပြားရာ၌ အလှဘက် အသွက်ဘက်မှာ  အဆင့်ဆင့်သာ၍ ပြိုင်ဘက်ကင်း လောက်အောင် လှသူ၊ သွက်သူများလည်းရှိ၏၊ အဆိုးဘက်၊ အထိုင်း ဘက်မှာလည်း အဆက်ဆက် အောက်ကျလျက် တစေ်္ဆပြိတ်္တာတမျှ ဆိုးဝါး သူများလည်း ရှိကြသည်၊ ထို့အတူ စိတ်ချင်းကွဲပြားရာ၌လည်း စိတ်ကောင်း စိတ်ထက်ဘက်၌ အဆက်ဆက်တန်းတက်ကာ ပြိုင်ဘက် ကင်းလောက်အောင် စိတ်ကောင်းသူ၊ ထက်မြက်သူများရှိကြ၍ စိတ် ယုတ်မာဘက်၊ စိတ်ထိုင်းဘက်၌လည်း ဆက်ဆက်ဆိုးကာ ကြောက် မက် စက်ဆုပ်ဖွယ်ကောင်းအောင် ယုတ်မာသူ၊ သုံးမဖြစ်အောင် ထိုင်း မှိုင်း သူများလည်း ရှိကြလေသည်။

ပြင်၍ရနိုင်ပုံ

တော၌မွေး၍ တောသွေးပါသော တောသူတောသားသည် မြို့ကြီး ပြကြီးသူတို့၏ ၀တ်ပုံ၊ စားပုံ၊ နေပုံကို အလုံးစုံ အတုယူ၍ ကိုယ်ကျန်း မားရေး စိတ်ချမ်းသာရေးကိုပါ လိုက်စားပြီး ပြုပြင်လိုက်က မကြာခင် ရုပ်တစ်မျိုး ပြောင်းကာ ၁-နှစ် ၂-နှစ် လောက်ကြာလျှင်ရှေ့ ကတွေ့နေကျ လူအများပင် အထင်မှားလောက်အောင် ရုပ်အဆင်း- ပြောင်းလာနိုင်၏။ ဤသို့ အပြောင်းအလဲ နှေးသဖြင့် အပြင်ရခက်သော ရုပ်အဆင်းသည်ပင် ပြင်တတ်သူ ပြင်ချင်၍ပြင်ဆင်နေလိုက်က တစ်မျိုးတစ်ဖုံ ပြောင်းနိုင်သေး၏။ အပြောင်းအလဲ အလွန်မြန်၍ အင်မတန် ပြုပြင်လွယ်သောစိတ်ကို တကယ်ပြင်လိုလျှင် အဘယ်မှာ ပြင်မရဘဲ ရှိမည်နည်း။ နေ့စဉ်နှင့်အမျှ မိမိစိတ်ဖြစ်ပုံကို သတိထား၍ မတော်မတရားစိတ်တို့ကို  နှိမ်နင်းသွားပါလျှင် မကြာခင် စိတ်ကောင်း ရှိသူဖြစ်ကာ ၂ နှစ် ၃ နှစ်လောက်ကြာသောအခါ  ကိုယ့်စိတ်ကိုပင် ကြည်ညိုချင်လာအောင် စိတ်ကောင်းဖြစ်လာပါလိမ့်မည်။


စိတ်ကိုပြင်သင့်သော အကြောင်းများ

မိမိ၏စိတ်နေစိတ်ထားကို ကောင်းအောင်ပြုပြင်ဖို့ရာ အကြောင်း

များစွာရှိပေသည်။ မိမိစိတ်ထား မကောင်းသေးသော အချက်၊ ယုတ်မာ နေသော အချက်များကို မိမိသာအသိဆုံးဖြစ်၏။ ထိုကဲ့သို စိတ်ယုတ် မာရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ရောက် နေသောလည်း စိတ်အနေအထားအားဖြင့် အောက်တန်းစားပင်ဖြစ် သေး၏။ 

စိတ်နေစိတ်ထား အောက်တန်းစားဖြစ်နေသော ဂုဏ်ကြီး-ရှင်သော်လည်း နောက်နောင်ဘ၀တို့၌ အောက်ကျနောက်ကျ ဖြစ်ရ- တော့လတ်္တံ့၊ ထိုကဲ့သို့ တန်းလျှောရမည့်  အရေးကို  တွေ့မိခြင်းကြောင့် လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။
စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း ညီအစ်ကိုမောင်နှမ သားချင်း သမီးခင်ပွန်းချင်း ဆရာ ဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာ ကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည်မဟုတ်။ ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိ စိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြ ပေသည်။ 
ထိုပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည် ဒါနပြုပြု၊ သီလ ဆောက်တည် ဆောက်တည်၊ ဘာဝနာကမ်္မဋ္ဌာန်းစီးဖြန်းစီးဖြန်း မည်-သည်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသားဖြူစင်လိမ့်မည်ဟူ၍ မမှတ်ထင် ထိုက်။ ထိုစိတ်ရင်းမကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိတတ်ချေ။ ဤသို့နောက်နောင်ဘ၀ အရေးဝယ် ပြုသမျှကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည် စိုးသောကြောင့်လည်း မိမိစိတ်ကို ဖြူစင်ကောင်းမြတ်အောင်ပြုပြင်ထိုက်ကြပေသည်။
ထို့ပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည် ယခုတစ်ဘ၀တာ ယုတ်မာမည်မဟုတ်၊ ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာများက  တစ်သန်္တာန်လုံး (တစ်ကိုယ်လုံး) ထုံမွှမ်းနေရကား နောက်နောက် ဘ၀ပေါင်းများစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက်ဓာတ်သတ်္တိ ကူးစက်နေသောသောကြောင့် ထိုသူကို ရင့်မာသော ပါရမီရှင်ဟု ဆိုဘို့ ရန်ခဲယဉ်းလေသည်၊ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များ စာရင်းမပါ ၀င်မည်စိုး၍လည်း ယုတ်မာဆိုးရွားသော စိတ်များကို အမြန်ဆုံးပြင်ထိုက် ကြသည်၊ ဤသို့လျှင် မိမိ၏ စိတ်နေစိတ်ထားကို မကောင်း ကောင်း အောင် ပြုပြင်သင့်သောအကြောင်းအရာတွေ များစွာရှိပေသည်။

မိလိန္ဒမင်း စိတ်ကိုပြုပြင်ပုံ

မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများကို အ ထိုက်အလျှောက် မေးပြီးနောက် သာသနာတော်ဝယ်လွန်စွာ အရေး ကြီးသော ပြဿနာတို့ကို မေးဖို့ရန် မကြံဖြစ်လာသောအခါ ထိုပြဿ နာကိုမမေးသေးဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိမ်းသိမ်းစောင့်စည်းနေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။
စောင့်စီးပုံကား

နံနက်စောစော အိပ်ယာထပြီးလျှင် ကိုယ်လက် စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုးဝတ်စဉ် အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော အ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်း လည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျှက် (ရဟန်းမဟုတ်သော်လည်း )ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် ၈ ပါးသောအချက်များကို ၇ ရက်လုံးလုံး မပျက်ပြားအောင် စိတ်ကို စွဲမြဲစွာ ဆောက်တည်လေသည်။ 
၈ ပါးကား-
          ၁။       ၇ ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
          ၂။       ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
          ၃။       ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
          ၄။       မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
          ၅။       ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော် ထမ်း များပေါ်၌ သော်လည်းကောင်း စိတ်ကို နှိမ်ချ၍ မာန်မာန မဖြစ်အောင် စောင့်စည်းမည်။
          ၆။       ကိုယ်မှု၊ နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
          ၇။       မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ်မဖြစ်အောင် မျက်စိ၊ နား စသော ဣနြေ္ဒများကို စောင့်စည်းမည်၊
          ၈။       အားလုံးသတ္တ၀ါတို့အပေါ် မေတ္တာစိတ်ထားမည်၊
          ဤရှစ်ပါးသော အချက်များကို ၇-ရက်လုံးလုံး စောင့်သုံးလျှက် ၈-ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စောစောစား၍ ဣနြေ္ဒကြီးမားသော ရဟန်းတော်တို့ကဲ့သို့ စက္ခုနြေ္ဒကို ချပြိးလျှင် စကားပြောဆင်ခြင်ကာ အရှင်နာဂသိန်မထေရ်ထံသို့  ကြည်လင်ရွှင်ပြ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျှက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်

အတုယူဖွယ်

ဤမိလိန်္ဒမင်း၏ ၇ ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူ လျက် သူတော်ကောင်းဘက်က အထက်တန်း ရောက်သော အမျိုး သားအမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့ တစ်ရက် တစ် နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်း သင့်ပေ သည်၊ ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူး နည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ်္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။ ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ် တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ပဲရှိပါလိမ့်မည်။   
      ““ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏၊
      ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏၊
      သတ်္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်၊””  (တရားတော်)
““ဓာတ်မရိုက်ခင် ကောင်းစွာပြင်မှ ပုံတွင်ကျန ရုပ်သွင်လှသို့ မုချမှန်စွာ သံသရာ၏ ကမ်္ဘာရပ်ခွင် ဓာတ်အပြင်၌ စိတ်စဉ်ကျန ရုပ်သွင်လှ၍ ခေမမြို့နန်း အရောက်လှမ်းဖို့ ပြင်စမ်းစေချင် စိတ်အစဉ် ကို ပြင်ဆင်လေကွဲ့ နေ့စဉ်တဲ့။””
စိတ်အကြောင်းပြီး၏။
                             (အမရပူရ ၊မဟာဂန္ဓာရုံဆရာတော်၊ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းစာ မှ)

No comments:

Post a Comment