ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Saturday, October 13, 2012

ငြိမ်းချမ်းရေးအတွက် ဘုရားရှင်သော်မှ မနေသာ


ငြိမ်းချမ်းရေးအတွက် ဘုရားရှင်သော်မှ မနေသာ


မြတ်စွာဘုရားလက်ထက်မှာ တိတ္ထိတွေဟာ လာဘသက္ကာရခေါ်တဲ့ လာဘ်လာဘ ပူဇော် သက္ကာရတွေ လျော့နည်းသွားတာကို တွေ့လိုက်ရတယ်၊ အဲဒီလို လာဘ်လာဘပူဇော် သက္ကာရတွေ ယုတ်လျော့ ကုန်တာဟာ ဂေါတမမြတ်စွာဘုရား ပွင့်ပြီးမှဆိုတာ တွေ့လိုက်ရတော့၊ အဲဒီတိတ္ထိ တွေဟာ လျှို့ဝှက်အစည်းအဝေးတစ်ခုကျင်းပပြီး တိုင်ပင်ဆွေးနွေးကြတယ်၊
          `ငါတို့ တတွေ လာဘ်ပူဇော်သက္ကာရတွေ ယုတ်လျော့ကုန်တာဟာ ဂေါတမဘုရားပွင့်တဲ့ အခါက ပထမစတာပဲ၊ ရဟန်းဂေါတမကတော့ လာဘ်လာဘပူဇော်မှုတွေဟာ အတိုင်းအထက် အလွန် ပေါများပါပေတယ်၊ ဒါဟာ ဘာကြောင့်လို့ ထင်ကြပါသလဲ`
          ဒီလို ပထမစတင် ဆွေးနွေးမေးမြန်းလိုက်တယ်ဆိုရင်ပဲ တိတ္ထိတစ်ယောက်က ပြောပါတယ် `ရဟန်းဂေါတမဟာ ဒီဇမ္ဗူဒိတ်ကျွန်းရဲ့ အချက်အခြာ မဟာမြေမြတ်မှာ နေနေရတယ်၊ ဒါကြောင့် သာ လာဘ်သက္ကာရတွေ ပူဇော်လှူဒါန်းမှုတွေ မပြတ်ရနေတာ ဖြစ်ရမယ်` လို့ အကြံပြုလိုက်တယ်၊
          အဲဒိအကြံပြုချက်ကို အခြားအခြားသောတိတ္ထိတွေက ထောက်ခံပါတယ်၊ `ဒါဟာ ဖြစ်နိုင်ပါ တယ်၊  ငါတို့လည်း မဟာမြေမြတ်ဖြစ်တဲ့ ဇေတ၀န်ကျောင်းနားမှာ ကပ်ပြီး တိတ္ထကျောင်းတစ် ကျောင်း ဆောက်လုပ်ကြမယ်၊ ဒါမှ ငါတို့တတွေလည်း လာဘ်လာဘ ပူဇော်သက္ကာရတွေ ပူဇော် လှူဒါန်းမှုတွေ မပြတ်ရမှာ` လို့ ပြောပြီး အားလုံးပဲ အဲဒီအကြံပြုချက်ကို ထောက်ခံကြပါတယ်။
          ဒါပေမဲ့ ခက်နေတာက ဒီလို ဇေတ၀န်ကျောင်းနားမှာ ကပ်ပြီး ကျောင်းလာပြီး ဆောက်လုပ် ရင် ရဟန်းတွေက ကန့်ကွက်မှာပဲ၊ ဒါကြောင့် ကောသလမင်းကို ခွင့်ပြုချက်တောင်းပြီးမှ ဆောက် တာ ပိုကောင်းမယ်၊ ကောသလမင်းကို ခွင့်ပြုချက်ရဖို့ဆိုတာလည်း မခက်ပါဘူး၊ လာဘ်ထိုးပြီးမှ ခွင့်ပြုချက် ရယူတာပေါ့၊ လာဘ်လာဘကို မကြိုက်နှစ်သက်တဲ့သူဆိုတာ မရှိပါဘူး၊ လဉ္ဇံ လဘိတွာ အဘိဇ္ဇနကော နာမ နတ္ထိ  တံစိုးလက်ဆောင်ပေးပြီး လာဘ်လာဘနဲ့ ဆွဲဆောင်လို့ မပျက်ဆီးတဲ့ သူဆိုတာ မရှိပါဘူး၊ ဒါကြောင့် ကောသလမင်းကို တံစိုးလက်ဆောင်ပေးပြီး လာဘ်ထိုးပြီး ကျောင်း ဆောက်ခွင့်ရအောင် ခွင့်တောင်းကြတာပေါ့ ဆိုပြီး အားလုံးကြံစည်တိုင်ပင်ပြိး ကောသလမင်းကို လာဘ်ထိုးပါတယ်၊
          လာဘ်ထိုးပြိးတော့ သူတို့တိတ္ထိတွေက ကောသလမင်းကြီးကို ပြောပါသေးတယ်၊
`အရှင်မင်းကြီး၊ အကျွန်ုပ်တို့တတွေ ဇေတ၀န်ကျောင်းနားမှာ ကပ်ပြိးတော့ တိတ္ထိကျောင်း တစ်ဆောင် ဆောက်လုပ်ပါ့မယ်၊ အဲဒီလို ဆောက်လုပ်တဲ့အခါ ရဟန်းဂေါတမတပည့်တွေက တားမြစ်ပါလိမ့်မယ်၊ အဲဒီလို လာပြီးတာမြစ်ရင်လဲ မသိချင်ယောင်ဆောင်နေပေးပါ၊ ဘာမှ ပြန်မပြောပါနဲ့ ` လို့ ပြောပြီး တံစိုးလက်ဆောင်ပေးလိုက်တဲ့အခါ ကောသလမင်းကြီးကလဲ ကောင်းပါပြီး လို့ ဆိုပြီ သူတို့ပေးတဲ့ တံစိုးလက်ဆောင်ကို ယူထားလိုက်ပါတယ်တဲ့၊
          ဒီလိုနဲ့ ဇေတ၀န်ကျောင်းနားမှာ သူတို့ရဲ့ တိတ္ထိကျောင်းကို စတင်ဆောက်လုပ်ပါတော့ တယ်၊ အဲဒီလို ဆောက်လုပ်တဲ့အခါ အသံဗလံတွေကြားတော့ မြတ်စွာဘုရား မေးတော်မူပါတယ်၊ အဲဒီလို မေးလိုက်တဲ့အခါ ရဟန်းသံဃာတွေကလည်း အကြောင်းစုံ လျှောက်ထားလိုက်ကြပါတယ်၊ အဲဒီလို လျှောက်ထားတဲ့အခါ  မြတ်စွာဘုရားက
          ` ဒီဇေတ၀န်ကျောင်းနားမှာ သူတို့က ကပ်ပြီးကျောင်းဆောက်တာတော့ မသင့်လျော်ပါဘူး၊ တို့သံဃာတွေက တိတ်တိတ်ဆိတ်ဆိတ် ၀ိဝေကကိုအဓိကထားပြီး နေနေရတာ၊ သူတို့တိတ္ထိ တွေက ဆူဆူညံညံနဲ့ နေနေကြတာ ၊ ဒီသံဃာတွေနေပုံနဲ့ သူတို့တိတ္ထိနေထိုင်ပုံက လုံးလုံးကွဲပြား ခြားနားပါတယ်၊ အတူနေလို့ မသင့်တော်ပါဘူး၊ ဒါကြောင့် ကောသလဘုရင်မင်းကြီးထံမှာ သွားပြီးတော့ တားမြစ်ပေးဖို့ ပြောကြားလိုက်ပါ ` ဆိုပြီးတော့ မြတ်စွာဘုရား မိန့်လိုက်တဲ့အခါ ရဟန်းတော်များလည်း ကောသလမင်းကြီးဆီကို လာရောက်ကြပါတယ်၊
          ဒါပေမဲ့ ကောသလရှင်ဘုရင်ကြီးက အစောကြီးကတည်းက ကြိုသိနေတယ်၊ ရဟန်းတော် တွေ လာကြတာ တိတ္ထိတွေကျောင်းနဲ့ပတ်သက်ပြီးလာတာနေမှာပဲဆိုတာ ကြိုသိနေပါတယ်၊ ဒါပေမဲ့ တိတ္ထိတွေဆီက တံစိုးလက်ဆောင် လာဘ်ထိုးတာကို လက်ခံထားတော့ `ဘုရင်ကြီး နန်းတော်မှာ မရှိပါဘူး` လို့ ပြောခိုင်းလိုက်ပြိး ရဟန်းတော်တွေကို ထွက်မတွေ့ပါဘူးတဲ့၊

          ဒီအကြောင်းကို သိရတော့ အဂ္ဂသာဝကကြီးနှစ်ပါးကလည်း `ဒါဟာ ဘုရင်ကြီး တံစိုးလက် ဆောင်ယူထားလို့ ဖြစ်ရတာ၊ တတ္ထိတွေ လာဘ်ထိုးတာကို လက်ခံထားလို့ ဒီလို ဖြစ်နေတာပဲ` ဆိုပြိး သိလိုက်ရတဲ့အခါ အဂ္ဂသာဝကကြီးနှစ်ပါးလုံးဟာ ကိုယ်တိုင် နန်းတော်ကို ကြွရောက်ပါ တယ်၊ နန်းတော်ကိုကြွရောက်ပြီး ရှင်ဘုရင်ကြီးကိုတားမြစ်ပေးဖို့ ပြောမယ်ဆိုပြိး သွားရောက်တဲ့ အခါမှာလည်း သံဃာတွေကို ထွက်မတွေ့သလိုပါပဲ၊ အဂ္ဂသာဝက နှစ်ပါးကို ထွက်မတွေ့ပဲ နန်းတော်ထဲမှာ ဘုရင်ကြီး မရှိပါဘူး လို့ ပဲ ပြောခိုင်းပါသတဲ့၊
          ဒါနဲ့ မြတ်စွာဘုရားကိုယ်တော်တိုင် နန်းတော်ဆီကို ကြွရောက်တော်မူရပါတယ်၊ ကြွရောက် တော်မူတဲ့အခါမှသာ ရှင်ဘုရင်ကြိးလဲ မနေသာတော့ဘဲ ခရီးဦးကြိုပြု၊ ဆွမ်းဘောဇဉ်ဆက်ကပ် လှူဒါန်းပူဇော်ပါတယ်၊ ဆွမ်းအနုမောဒနာအနေနဲ့ မြတ်စွာဘုရားက ကောသလဘုရင်ကြီးကို ပရိယာယဓမ္မဒေသနာတစ်ခုကို ဟောပြောပါတယ်၊
          ` အရှင်မင်းကြိး၊ ရှေးကမင်းတွေဟာ တံစိုးလက်ဆောင်ယူပြီး သီလရှိသူတွေကို အချင်း ချင်း ကွဲပြားအောင်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခိုက်ရန်ဖြစ်အောင်၊ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် လုပ်ခဲ့တဲ့ အတွက် အဲဒီရှင်ဘုရင်ကြီးကိုယ်တိုင်လည်း တိုင်းနိုင်ငံကို ဆုံးရှုံးရပြီး အကြီးအကျယ် ပျက်ဆီးဆုံးရှုံးသွားပါတယ်၊`
အစချီပြီး ဘရုဇာတ်ကို ဟောပါတယ်၊
ရှေးတုန်းက ဘရုတိုင်းပြည်မှာ ဘရုမင်းကြီးအုပ်စိုးတဲ့အခါတုန်းက ဟိမ၀န္တာမှာနေတဲ့ ရသေ့တွေဟာ အချဉ်ဆား စတာတွေကို ကျန်းမာရေးအတွက် မှီဝဲဖို့ မြို့ရွာတွေဆီကို ပြန်လာလေ့ ရှိပါတယ်၊
အဲဒီလို ပြန်လာတဲ့ရသေ့တွေထဲက ရသေ့အုပ်စု တစ်ခုက ဘရုတိုင်းပြည်ကို ရောက်လာပါ တယ်၊ ရောက်လာပြီး မြို့ထဲမှာ ဘောဇဉ်အာဟာအတွက် လှည့်လည်အလှူခံပြိး မြို့ရဲ့ တောင် ဘက်က ညောင်ပင်ကြီးမှာပဲ ၀ါတွင်းတစ်တွင်းလုံး နေလိုက်ကြပါတယ်၊
အဲဒီလိုပဲ ပဌမရသေ့တွေရောက်ပြီး မကြာခင်မှာပဲ နောက်ထပ်ရသေ့အုပ်စု တစ်ခုထပ် ရောက်လာပါတယ်၊ သူတို့လည်း မြို့ထဲမှာ လှည့်လည်အလှူခံပြီး မြို့ရဲ့ မြောက်ဘက်က ညောင်ပင်ကြီးမှာ ၀ါတွင်းမှာ နေလိုက်ကြတယ်၊
နောက်နှစ်လည်း အဲဒီလိုပဲ ရသေ့တွေရောက်လာတဲ့အခါ တောင်ဘက်က ညောင်ပင်ကြီး က အရွက်တွေ ခြောက်နေတယ်၊ စိုစိုပြေပြေမရှိတော့ဘူး၊ အရိပ်လည်း ကောင်းကောင်းမရ တော့ဘူး၊ အဲဒါနဲ့ အရင်နှစ်က တောင်ဘက်ညောင်ပင်မှာ ၀ါတွင်းတစ်တွင်းလုံးနေခဲ့ကြတဲ့ ရသေ့ တွေက မြောက် ဘက်ညောင်ပင်ဆီ ရွှေ့နေလိုက်ကြတယ်၊
နောက်ရသေ့အုပ်စုထပ်ရောက်လာတဲ့အခါမှာတော့ သူ့ညောင်ပင် ငါ့ညောင်ပင် ငြင်းရင်း ခုံရင်း ရှင်ဘုရင်ဆီရောက်သွားပါတယ်၊ ရှင်ဘုရင်ကလည်း ပဌမလာပြောတဲ့ ရသေ့အုပ်စုကိုပဲ အနိုင်ပေးလိုက်ပါတယ်တဲ့၊ ဒီလိုနဲ့ ရှုံးတဲ့ရသေ့အုပ်စုကလည်း မကျေနပ်ဘူး၊ ရှင်ဘုရင်ကြီးကို တံစိုးလက်ဆောင်နဲ့လာဘ်ထိုးပြီး စည်းရုံးတဲ့အခါကျတော့ ရှင်ဘုရင်ကြီးက အဲဒီဘက်ကို တစ်ခါ အနိုင်ပြန်ပေးလိုက်ပြန်ရော၊
ဒီလိုနဲ့ ရှင်ဘုရင်ကြီးက ဟိုဘက်က လက်ဆောင်နဲ့လာဘ်ထိုးတာယူ ဟိုဘက်ကို အနိုင၏် ပေး၊ နောက်ထပ် ဒီဘက်က တံစိုးလက်ဆောင်နဲ့လာဘ်ထိုးတာကို ယူ ဒီဘက်ကို အနိုင်ပေးနဲ့ နောက်ဆုံး ရသေ့တွေပဲ ကိုယ့်ကိုယ့်ကို ပြန်သုံးသပ်ပြီး `ငါတို့တော့ ဒီညောင်ပင်လေးအတွက်နဲ့ တရားအလုပ်လဲ မလုပ်နိုင်၊ ရှင်ဘုရင်ကြီးနဲ့ပေါင်းပြီး မကောင်းမှုတွေပဲ လုပ်မိနေပါလား `ဆိုပြီး ပြန်လည်ဆင်ခြင်ပြီးတော့  ညောင်ပင်ကို စွန့်လွှတ်ပြီး ဟိမ၀န္တာမှာပဲ နေကြတော့တယ်၊
ဒါပေမဲ့ နတ်တွေကစိတ်ဆိုးပြီး ရသေ့တွေဆီက လာဘ်ယူပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထား ကွဲလွဲအောင်လုပ်တဲ့ ရှင်ဘုရင်ကြီးကို တိုင်းပြည်နဲ့တကွ သမုဒ္ဒရာထဲမှာ နစ်မြုပ်ပစ်လိုက်တယ်တဲ့   (ဇာတက -ဋ္ဌ  ၂-၁၅၅/ ၁၅၆)
          ဒါကြောင့် မြတ်စွာဘုရားက ဒီစကားလေးကို မိန့်ကြားခဲ့တာပါ-
` အရှင်မင်းကြိး၊ ရှေးကမင်းတွေဟာ တံစိုးလက်ဆောင်ယူပြီး သီလရှိသူတွေကို အချင်း ချင်း ကွဲပြားအောင်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခိုက်ရန်ဖြစ်အောင်၊ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် လုပ်ခဲ့တဲ့ အတွက် အဲဒီရှင်ဘုရင်ကြီးကိုယ်တိုင်လည်း တိုင်းနိုင်ငံကို ဆုံးရှုံးရပြီး အကြီးအကျယ် ပျက်ဆီးဆုံးရှုံးသွားပါတယ်`တဲ့။
ဒီအကြောင်းကို ပြောရတာက မြတ်စွာဘုရားလက်ထက်မှာကိုက လာဘ်ပေးလာဘ်ယူ လုပ်ပြိး သာသနာရဲ့ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေ သာသနာပအဖွဲ့အစည်းတွေကို အခွင့်အရေးပေးခဲ့ ကြတာ သာဓကတစ်ခုအနေနဲ့ ပြောချင်လို့ပါ၊ သာသနာတော်ကို အနှောက်အယှက်ဖြစ်စေမဲ့ သာသနာတော်ရဲ့ဆန့်ကျင်ဘက် သာသနာပကျောင်း၊ သာသနာပရုံး၊ သာသာနာပအဆောက်အဦ၊ ဥယျာဉ် ခြံ ဗိမာန်စတာတွေကို တံစိုးလက်ဆောင်ယူပြီး လက်ခံခွင့်ပြုခဲ့တာကို သာဓကတစ်ခု အနေနဲ့  ပြချင်လို့ပါ၊
တကယ်ဆို ကောသလမင်းကြီးဟာ မြတ်စွာဘုရားကို အတော်ကြီးကို ကြည်ညိုပါတယ်၊ မြတ်စွာဘုရားကလည်း ကောသလမင်းကြီးဆိုရင် တရားဟောတာကအစ အခြားသူတွေဟောခဲ့တဲ့ တရားတွေထက် ကောသလမင်းကြီကို ဟောတဲ့တရားက ပိုများများဟောခဲ့တယ်လို့ ထင်ပါတယ်၊ နောက်ပြီး ကောသလမင်းကြီးဟာ ဘုရားအလောင်းလို့လဲ စာတွေထဲမှာတွေ့ရတယ်၊
ဒီလို ရှင်ဘုရင်ကြီးကိုတောင် လာဘ်ထိုးပြိး သူတို့လိုချင်တာကို ရအောင် လုပ်တတ်တဲ့ အကျင့်က ဟိုတုန်းကတည်းက ဗုဒ္ဓသာသနာတော်နဲ့ဆန့်ကျင်ဘက် ဘာသာခြားတွေမှာ ရှိနေပြီး သား၊ ယနေ့ခေတ်က လူတွေကတော့ ပြောမနေပါနဲ့တော့ လာဘ်ပေးတဲ့သူရော လာဘ်ယူတဲ့ သူတွေရောဟာ ပြောင်ပြောင် တင်းတင်းပဲ ဖြစ်ဖြစ်၊ တိတ်တိတ်ပုန်းပဲဖြစ်ဖြစ် ဟိုနေရာ ဒီနေရာမှာ မကြာခဏတွေ့နေ၊ ကြားနေရတာပါပဲ၊
          ဒါပေမဲ့ မြတ်စွာဘုရား ဘရုဇာတ်မှာ ဟောခဲ့သလိုပဲ လာဘ်ပေး လာဘ်ယူလုပ်ပြီး၊ တံစိုး လက်ဆောင်ကို လက်ခံပြိး ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကြီး ပျက်ဆီးသွားလောက်အောင်တော့ မလုပ်သင့်ပါဘူး၊
          ယနေ့မြန်မာနိုင်ငံကို စီိမံကွပ်ကဲနေတဲ့သူတွေလည်း ဒါကို နမူနာယူပြီး စဥ်းစားစေခြင်ပါ တယ်၊ မိမိကောင်းစားရေးအတွက် မိမိမိသားစုကောင်းစားရေးအတွက် တခြားသော အဖွဲ့အစည်း များ၊ အခြားသော ဗုဒ္ဓဘာသာရဲ့ဆန့်ကျင့်ဘက် ဘာသာခြားများကပေးတဲ့ တံစိုးလက်ဆောင်နဲ့ လာဘ်ပေးတာကို လက်ခံပြိး ကိုယ့်ဗုဒ္ဓဘာသာတိုင်းပြည် ပျက်အောင် မလုပ်သင့်ပါဘူး၊ ကိုယ့်အမျိုး ဘာသာ သာသနာကို ကိုယ့်အတွက်နဲ့ မဆုံးရှုံးစေခြင်ပါဘူး၊ အခြားသူတွေရဲ့လာဘ်ပေးတာကို လက်ခံပြီး ကိုယ့်အမျိုး ဘာသာ သာသနာကို မစော်ကားစေခြင်ပါဘူး၊
          ဘယ်လောက်ပဲ အသိဥာဏ်နုံ့နည်းတယ်ပြောပြော၊ ဘယ်လောက်ပဲ အသိပညာမဲ့တယ်  အသိပညာမရှိဘူးပြောပြော ကိုယ့်အပြုအမူတစ်ခုဟာ တိုင်းပြည်တစ်ခုလုံး၊ နိုင်ငံတစ်ခုလုံး ပျက်ဆီး သွားစေနိုင်တယ်ဆိုတဲ့ အတွေးလေးတော့ ရှိစေချင်ပါတယ်၊ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုက ဘ၀ ပေါင်းများစွာကို  နစ်နာဆုံးရှုံးသွားစေနိုင်တယ်ဆိုတဲ့ အတွေးလေးတော့ နှလုံးသားထဲမှာထည့် ထား စေချင်ပါတယ်။
          နောက်တစ်ခုကိုလည်း ပြောပြချင်ပါတယ်၊ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစု နေထိုင်ရာ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံဖြစ်တဲ့အတွက် ဗုဒ္ဓသာသနာကို အနှောက်အယှက် အန္တရာယ် ဖြစ်စေမဲ့ အခြားသာသနာပဘာသာခြားများ၏ ကျောင်း၊ ရုံး၊ အဆောက်အဥိးတွေကို မြန်မာနိုင်ငံထဲမှာ ထပ်ပြီးလက်မခံသင့်ပါဘူး၊
 မြန်မာနိုင်ငံကို စီမံကွပ်ကဲသူတွေက အသိဥာဏ်မဲ့၊ အဆင်ခြင်ဥာဏ်မဲ့စွာ လက်ခံခွင့်ပြုခဲ့ ရင်တောင် မြတ်စွာဘုရားလက်ထက်က သာသနာတော်ကို အနှောက်အယှက်အန္တရာယ်ဖြစ်စေနိုင် တဲ့ ဗုဒ္ဓ၀ါဒီမဟုတ်သူ ဘာသာခြားတွေကို လက်မခံ ခွင့်မပြုဖို့ မြတ်စွာဘုရားကိုယ်တော်တိုင် နန်းတော်သို့ ကြွပြီး တောင်းဆိုခဲ့ဖူးသလို ဒီနေ့ခေတ်သံဃာတော်တွေဟာလည်း လွှတ်တော်အထိ ကြွရောက် တောင်းဆိုဖို့ ဖြစ်သွားနိုင်ကောင်း ဖြစ်သွားနိုင်ပါတယ်၊
ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာသာဝင်တွေအများစုနေထိုင်ရာ ဗုဒ္ဓသာသနာထွန်းကား ရာ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာရဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်း အသင်းအဖွဲ့ ဘာသာများ ရောက်ရှိ များပြားလာခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် ခိုက်ရန်ဒေါသ အာဃာတတွေနဲ့ ဖြေရှင်းမရတဲ့ နိုင်ငံရေး ပြဿနာတစ်ရပ်ဖြစ်သွားနိုင်ပါတယ်၊
          အဲဒီလို အခြေအနေမျိုးမှာ ဘယ်မှာငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပါမလဲ၊ ဒါကြောင့်သာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ငြိမ်းချမ်းရေးကို ရှေးရှုပြိး တားမြစ်ကန့်ကွက်ခဲ့ရတာပါ၊ ယနေ့ ခေတ် မြန်မာနိုင်ငံတော်မှာရှိတဲ့ရဟန်းတော်များဟာလည်း ဒီလို မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ရှေးရှုပြီး တောင်းဆိုပါတယ်၊  ဗုဒ္ဓဘာသာအများစုနေထိုင်ရာမြန်မာနိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာရဲ့ ဆန့်ကျင်ဘက် မည်သည့်အဖွဲ့အစည်း၊ မည်သည့်အသင်းအဖွဲ့မှ နောက်ထပ်လာရောက်ခွင့် မပြု ရန် မြန်မာနိုင်ငံတွင်းမှာ သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များမှ တောင်းဆိုပါတယ်၊
( မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မှုကို ကန့်ကွက်ခဲ့ကြသော မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကို ဂုဏ်ပြုပါသည်)
                                                                         သုမုခ

No comments:

Post a Comment