မာနအကြောင်း
ထောင်လွားတတ်ကြွခြင်းသဘောသည် မာန်မာနမည်၏၊ ထို့ကြောင့်
“မာနကားမူ၊ ထောင်လွားကြွတတ်”ဟုဆိုခဲ့ပေသည်၊
မာနဓာတ်ခံရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့အများ အပေါ်၌မောက်မော်လို၏၊
ကြွတတရှိ၏၊ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဉ္စာစ္စာ ပညာအဆင်း၊ ရောဂါကင်းခြင်းစသော ဂုဏ်တို့ဖြင့်သူများထက်သာနေ
သောအခါ“ငါကသင်တို့နှင့်တူသလား၊ ငါနှင့်အဖတ်တန်သလား”ဟု- ကိုယ့်ကိုယ်ကိုအထင်ကြီးကာသူတစ်ပါးကိုအထင်သေးတက်၏။
သူများထက်အသာဘဲတန်းတူဖြစ်နေလျှင်လည်းမာနဓာတ်ခံရှိနေသုတို့မှာ“သင်နဲ့ ငါနဲ့ဘာထူးသေးလဲ၊ သူ့လောက်တော့ ငါလဲရတာပဲ””ဟု တန်းတူထားလျှက် မာန်တက်ပြန်၏၊
ရာထူးစည်းစိမ်စသည်တို့က
အောက်တန်းကျပြန်လျှင်လည်း မာနဓာတ်ခံရှိနေသူမှာ၏“သူတို့က
ငါ့ထက်သာကော ငါကဘာရေးအစိုက်ရမှာလဲ၊ ကိုယ့်ရှိမှကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရ တာပဲ၊
ဘယ်သူ့ကို ခခယယလုပ်နေရမှာတုန်း””ဟုအံမတုနိုင်သော်လည်း
မာန်ပြုလျက်ပင်။
အများဖြစ်တတ်သောမာန်များနှင့်
ပယ်ရှားနိုင်ဖို့နည်းလမ်း
ဇာတိမာန်
အမျိုးကောင်းသည့်အတွက် မာန်မာနတက်နေခြင်း“ဇာတိမာန်”
ဟု ခေါ်သည်၊ ယခုခေတ်၌ အတော်အတန်အမျိုးကောင်းသူတွေရှိပါပေသည် သို့သော်မာန်တက်လောက်၊ ဟန်ကြီး
ပန်ကြီးလုပ်လောက်အောင် တစ်ဘက်သားကို ခြေဖ၀ါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ၊
ရှေးကမဟာသွေးမဟာမျိုးဖြစ်၍ တကယ်အမျိုးကောင်းသည်ပင်ဆို ဦးတော့ အမျိုးမြတ်သူက မာနမဖတ်ဘဲ
ညတ်ညတ်ညောညော အပြောချိုကာ အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍ချစ်ခင်ကြည်
ညိုရိုသေကြမည်မဟုတ်ပါလော့၊ “အရောဝင်တော့အရိုအသေတန်”ဆို
သကဲ့သို့ အချို့ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုအသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော်
ထိုအရိုအသေတန်မှုအတွက် ထိုသူအပြစ်သာ ဖြစ်၍ ထိုသူပင်
နစ်နာပေလိမ့်မည်။ ဤသို့ အရာရာရှေ့နောက် စိစစ်လျှက် ဇာတိမာန်မတက်မိအောင် သတိဆောင်ကြပါကုန်။
ဓနမာန်
အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို“ဓနမာန်”ဟုခေါ်၏။
ယခုအခါ အတော်အတန် ဥစ္စာရှိသူတွေ ရှိပါပေသည်။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊
အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်းပေါများကြသည် မဟုတ်ပါ။ “မမြင်ဖူတော့
မူးမြစ်ထင်”ဆိုသလို မိမိကိုယ်ကို
သူဌေးသူကြွယ်ဟုပင် ထင်စေဦးတော့ ဆင်းရဲသူ ဆင်းရဲသားတို့အပေါ်မှာ သဘောကြီးကြီး ထား၍ သနားကြင်နာ
ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါသလော မိမိပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင်
ရနိုင်သေးသည် မဟုတ်ပါလော။ ဓနရှင်တို့၏ ပြုံး ရွှင်သောမျက်နှာ ချိုသာသော စကားအသုံးအနှုံးသည်
ဆင်းရဲသားတို့ အတွက် အမြိန်ရှက်ဆုံး အမြိုက်ဆေး တစ်မျိုးပင် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ တစ်သက်လျာအတွက်
ရရှိသော စည်းစိမ်ဥစ္စာလေးကို နောင်သံသရာအရေးဝယ် အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း
မကောင်းသောမာန၏ အောက်ခံကားပုံသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏
ကိုးစားရာဖြစ်အောင် ကြိုးစား၍ သတိဆောင် ကြပါကုန်။ ယခုတစ်ဘ၀ ကြီးကျယ်သော စည်းစိမ်သည်
ဘေးအန္တရာယ် အလွန်များလှ၏။ ဘေးအန္တရာယ် ကင်းစေကာမူ တစ်သက်လျာမျှသာ သုံးစွဲနိုင်ပါသည်။
“ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။””
(အနန္တသူရိယ အမတ်)
ပညာမာန်
စာပေတတ်ကျွမ်သူတို့၏ မာန်ကို ““ပညာမာန်””ဟုခေါ်၏။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကိုသင့်မှန်းသိဖို့
အလိမ္မာပေးသောပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရာ အလိမ္မာပေးသော ပညာတည်း၊ သို့ပါလျက်
ထိုပညာကို အကြောင်းပြု၍ မတော်မတရား ကြီးမားသော မာန်မာနဖြစ်ရခြင်းမှာလွန်စွာရှက်ဖွယ်ကောင်းလှ၏။
ယခုကာလ၌ သူများထံမှ တစ်ဆင့်သင်ယူ၍ တတ်သိရသောစာပေပညာသည် ထူးခြားသော အတတ်မဟုတ်သေးပါ၊
အကြောင်းညီညွတ်၍ ဆရာကောင်းထံ သင်ကြားရလျှင် အများပင်တတ်နိုင်ပါ၏။
သို့ဖြစ်၍ အကြောင်းမညီညွတ်သဖြင့် မသင်ကြရသူ၊ အထူး ဉဏ်ထိုင်းသူများကို
တွေ့ရသောအခါ မောက်မော်ဝါကြွားမည့်အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တစ်ဆင့်သင်ပြပေး ဖို့သာသင့်ပါသည်။
ရှေးတုန်းက အတော်
ထင်ရှားသောဆရာတော် တစ်ပါးသည် လွန်ခဲ့သောဘ၀က စိတ်ရှည် လက်ရှည်စာချပေခဲ့ဖူးသဖြင့် ယခုဘ၀မှာ
လောကဓမ္မ ၂ -ဋ္ဌာန၌ ထင်ရှားကျော်ကြားသော ကျမ်းတတ်ပုဂ်္ဂိုလ်ကြီး တစ်ပါး
ဖြစ်လာရပါသတဲ့။ ထို့ကြောင့် တတ်သိသော ပညာကို သံသရာအတွက် အသုံးပြုကြပါလေ။
စာပေပညာ၏
လမ်း ၂ သွယ်
ယခုခေတ် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့
လမ်းကို မှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပိဋကတ်စာပေပညာမှ
လမ်း ၂-သွယ် ဖြာနေပုံကို ထင်ရှားပြဦးမည်။
အောက်လမ်း
စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်။ လှူဒါန်းချင်သူ ပေါ
လာလိမ့်မည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ အကောင်းအမွန် ရလိမ့်မည်၊ သူတစ်ပါးအပေါ် မောက်မာနိုင်မည်၊
စာပေတက်လျှင် မည်သူကိုမျှ လူမထင်ဘဲ လုပ်ချင်ရာလုပ်နိုင်မည်၊ ဤသို့စသည်ဖြင့် လောဘ၊ ဒေါသ၊
မာန်မာနကို အခြေခံ၍ စာပေသင်ကြားကြ၏။ ထိုသူ၏
ပညာသင်ကြားမှု ပညာတက်သိမှုသည် အောက်လမ်း သွားဖို့အကြောင်း မကောင်းမှု ချည်းသာ ဖြစ်သည်။
ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ ဟု ကျမ်းဂန်၌ဆိုသည်။
အထက်လမ်း
စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတစ်ပါးအား
တစ်ဆင့်ပို့ချမည်။ စာပေပိဋကတ်တည်းဟူသော မှန်ပြင်ဝယ် အစဉ်မပြတ် ကြည့်ရှု၍ မိမိစိတ်နေစိတ်ထားကို
ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသောရည်ရွယ်ချက် ဖြင့် သင်၍တတ်မြောက်သော
အခါလည်း ပစ္စည်းလာဘ်လာဘ ဒကာဒကာမပေါများမှုကို ဂရုမစိုက်ပဲ မူလရည်ရွယ်ရင်းအတိုင်းပင် ကျိုးစား၏။
ထိုပုဂ်္ဂိုလ်၏ စာပေသင်ကြား တတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့ အကြောင်းကောင်းချည်းသာ
ဖြစ်ပါသည်။
အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲ အောင်လိုခြင်း၊
နာမည်ကြီးလိုခြင်း စသော ရည်ရွယ်ချက်များ ရှိသော်လည်း စာပေတတ်မြောက်သောအခါ အရာရာကိုစိတ်ပြောင်း၍
စိတ် ကောင်းနှလုံးကောင်းရှိလေသည်။
ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည်
ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ လှမ်းတက်ဖို့အကြောင်း လမ်းကောင်းရသူပင်
ဖြစ်သည်။ ငယ်ရွယ်သူ ဟူသမျှတို့ စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်းရကြပါစေ။
အဆင်းမာန်
အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်ဟုခေါ်၏။ ရှေးဘ၀က
ဒေါသနည်းပါးခြင်း၊ ပန်းအစရှိသည်တို့ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်းစသည်တို့၌ အမှိုက်သုတ်သင်ရှင်းလင်းခြင်း
စသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘ၀၌ ပရိသတ်အလယ်
တင့်တယ်ဝင်းစက် အဆင်း ထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက်ပါပေသည်။
သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ
ဒေါသကင်းစင် စိတ်ကြည်လင်၍ ရေလှူပန်လှူခြင်း စသောကုသိုလ် ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား
ယခုဘ၀ရောက်မှ အလှဂုဏ် မာန်တက်၍ သူတစ်ပါး အဖက်ထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။
လှပသော ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို မွေးမြူကာ အရာရာသိမ်မွေ့လျက် ဣနြေ္ဒ့ရှင်
သူတော်စင် ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။
အချုပ်သတိပေးချက်
အချုပ်မှာ နိဗ္ဗာန်စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခု
ပြခဲ့သော ဇာတိမာန်စသည်တို့ တက်မည်ဆိုလျှင် မိုးထိအောင် လှေကားမထောင်ဘဲ တက်နိုင်ကြပေ၏။
မာန်တက်လောက်အောင် ပင် ဘုရင်မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီမင်းသား များဖြစ်ကြသည်။
ပညာဘက်ကလည်း မဟော်သဓာသုခမိန် စသည် ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့ကြသည်။
အမျိုးသမီးများ ဘက်ကလည်း ဥပ္ပလ၀ဏ်၊ ခေမာ၊ ယသောဓရာ စသော သူတော်ကောင်းအမျိုးသမီးတို့မှာ
အမျိုးဥစ္စာပညာဘက်၌ သာမက အလှဘက်ကလည်း တစ်ကမ္ဘာလုံး မျက်နှာဖုံးများပင် ဖြစ်ကြပေသည်။
ထိုမျှလောက် အထက်တန်းကျသော အမျိုးသားအမျိုးသမီးတို့ သည်
သူတို့၏ မျိုးဇာတိ စသည်တို့အတွက် မာန်မာနမတက် ကြပါဘဲလျှက် “သည်လိုယုန်တော့ ချုံတိုင်းတွေ့နိုင်” တဲ့ အစား “တံငါစာ၍ ငါသာသာ” ရှိသူများက ရှိစုမဲ့စု စု၍ရသော ဇာတိ ပညာ ဥစ္စာအဆင်းဖြင့်
ကြက်ဆူပင် မင်းမူနေခြင်းမှာ နက်နက်နဲနဲ တွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။
ထို့ကြောင့် နှလုံးလေပင့်၍ ဘ၀င်မြင့်သူအလား ထောင်လွှား တက်ကြွ
မာန်မာနဖြစ်ခြင်းသည် သူတစ်ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံသာမက
နောက်နောက်ဘ၀တို့၌အမျိုးညံ့ ဖို့အကြောင်း အကောင်းသက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့်
ရောက်သင့်သလောက် အထက်တန်းရောက် နေသော်လည်း နောက်နောက်ဘ၀ အဆင့်ဆင့်၌ မြင့်သည်ထက် မြင့်ဖို့
အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုးသောမြွေ၊ ဦးချိုကျိုးသော နွား၊ ခြေသုတ်ပုဆိုးအလား”ကဲ့သို့ တက်ကြွသော မာန်စွယ်ကို နုတ်ပယ်နှိမ်ချိုးနိုင်
ကြပါစေသား။
မာနအကြောင်း
ပြီး၏
(အမရပူရ၊
မဟာဂန္ဓာရုံဆရာတော်၊ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းစာ မှ)
No comments:
Post a Comment