ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Saturday, October 27, 2012

ပ၀ါရဏာကပေးသော အတွေးများ


ပ၀ါရဏာကပေးသော အတွေးများ

သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့မှာ သံဃာတော်များ ပ၀ါရဏာပြုကြရတယ်၊ ပ၀ါရဏာဆိုတာ ရဟန်းသံဃာအချင်းချင်း မိမိတို့မှာ အပြစ်တစ်စုံတစ်ရာတွေ့ရှိပါက ပြောပြကြဖို့ ဖိတ်မန်တဲ့သဘောပါ၊ အဲဒီလို ဖိတ်မန်လိုက်တဲ့အခါ အပြစ်ကို ပြောပြသူကလည်း မေတ္တာကရုဏာနဲ့ပြောပြပြိး အပြစ်ရှိသူကလည်း မိမိရဲ့အပြစ်ကို သိမြင်ပြီး အမှန်ပြုပြင် ကုစားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခုအဖြစ် မြတ်စွာဘုရားလမ်းညွှန်ပညတ်ခဲ့တဲ့  လမ်ညွှန်ချက်နည်းကောင်းလေးတစ်ခုပါ၊ 

အခု သံဃာတွေပြုတဲ့ ပ၀ါရဏာနဲ့စပ်ပြီး တွေးမိတဲ့အတွေးလေးကို တဆင့်ပြန်လည်မျှဝေချင်လို့ပါ၊ တကယ်တော့ ဒီလမ်းညွှန်ချက်ကလေးဟာ  အလွန်ကောင်းမွန်တဲ့ လမ်းညွှန်ချက်ကလေးဖြစ်လို့ ဒီပ၀ါရဏာပြုတဲ့သဘောလေးကို ရဟန်းတွေသာမက လူတွေလည်း လိုက်နာကျင့်သုံးရင် အများကြီးအကျိုးကျေးဇူးရှိမယ်လို့ တွေးမိတယ်ထင်လို့ တဆင့်မျှဝေလိုက်ပါတယ်။
ဒါပေမဲ့ ပ၀ါရဏာအကြောင်း မစခင် သီတင်းကျွတ်လနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေ့များ ပွဲတော်နေ့များအကြောင်းကို ဗဟုသုတဖြစ်စေဖို့ ယခုအမေရိကန်မှာသီတင်းသုံးနေတော်မူသော ဆရာတော် အရှင်မဟောသဓပဏ္ဍိတ(ဝေဇယန္တာ) ရေးသားထားသော စာများကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်၊ ဖတ်ကြည့်ပါ၊

သီတင်းကျွတ်နှင့် ပ၀ါရဏာပွဲ

           ရှေးအခါ ˝သန်တူလ˝၊ ယခုအခါ ˝သီတင်းကျွတ်လ˝တွင် ဘာသာရေးနှင့် နှီးနွယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။ ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ˝မြန်မာ့ ရိုးရာ ယဉ်ကျေးမှု တရပ်˝ အနေဖြင့် တည်ရှိနေပေတော့သည်။
တာဝတိံသာခေါ် မီးမြင့်မိုရ်ပွဲ
ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တ၀ါတွင်းလုံး ကြွ ရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ˝သင်္ကဿမြို့တော်˝သို့ ပြန်လည်ကြွ ရောက် တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ်လပြည့်ည မှောင်ရီပျိုးစ အချိန်ဖြစ်သည်။ မြို့သူမြို့ သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွှတ်ခဲ့ကြသည်။ ဗုဒ္ဓ မြတ်စွာသည် ၀ဲ ယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေ၀တာ များ ခြံရံလျက် အလယ် ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ˝တာဝတိံသာပွဲ˝ ခေါ် ˝မီးမြင့်မိုရ်ပွဲ˝ ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား ဆင်နွှဲ လာခဲ့ကြခြင်း ဖြစ်သည်။

အဘိဓမ္မာ အခါတော်သဘင်
ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဘူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အား လုံးသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြား တော်မူခဲ့သည်။ တ၀ါတွင်းလုံး ကျေးဇူးဆပ် ဒေသနာ ဟောကြား၍ ဤသီတင်းဝါလ ကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤ အထိမ်းအမှတ်ဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ပဋ္ဌာန်းအစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆိုကာဖြင့် ˝အဘိဓမ္မာ အခါတော်သဘင်˝ ကို ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့ အသံမှ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွင့်ပေးခဲ့သည်။

ဝါကျွတ်ပူဇော် ကန်တော့ပွဲ

˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ မှာလည်း မြတ်ဗုဒ္ဓကို အားကျအတူယူ၍ ဖြစ်ပေါ်လာသော အစဉ်အလာကောင်းတခု ဖြစ်သည်။ မှန်ပါသည် - ဗုဒ္ဓမြတ်စွာသည် တ၀ါတွင်းလုံး တာဝတိံသာ နတ်ပြည် သို့ ကြွရောက်တော်မူ၍ မယ်တော်မိနတ်သားအား နို့ဖိုးဆပ် ဒေသနာ ဟောကြားတော် မူခဲ့ပါပေ၏။  ဤမြတ်ဗုဒ္ဓ၏ ကျေးဇူးရှင်တို့အပေါ် ကျေးဇူးတရားသိ၍ ကျေးဇူးဆပ်တော်မူပုံကို စံထားကာ ဗုဒ္ဓဘာသာဝင် တို့သည် ဤသီတင်းကျွတ် လပြည့်အခါတော်နေ့၌ ရဟန်းသံဃာတို့အား ပူဇော်ခြင်း၊ မိဘ ဆရာသမားနှင့် အသက်သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို ကန်တော့ခြင်းဖြင့် ˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ ကို မြို့တိုင်း ရွာတိုင်း ပြုလုပ်လေ့ ရှိကြသည်။

ကထိန်သင်္ကန်း လှူဒါန်းပွဲ

         ဗုဒ္ဓမြတ်စွာသည် ၀ါတွင်းသုံးလ (၀ါဆိုလပြည့်ကျော် ၁-ရက်နေ့ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ထိ) ၀ါဆို ၀ါကပ်တော်မူခဲ့ကြသော ရဟန်းတော်များအား ကထိန်သင်္ကန်း ခံယူခွင့်ကို အခွင့်ပြုတော် မူခဲ့သည်။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်အထိ တလ အတွင်းတွင် ကာလဒါနအဖြစ် ကထိန်သင်္ကန်းလှူဒါန်းခွင့်ရကြသည်။ ထိုကထိန်သင်္ကန်း အလှူကို ဦးဦးဖျားဖျား ပြုလုပ်လိုသူ တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ˝ကထိန်သင်္ကန်း လှူဒါန်းပွဲ˝ ကို သူ့ထက်ငါ ဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။

ပ၀ါဏာပွဲ

          အထက်ပါ ဘာသာယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့ သည် နှစ်စဉ်မြင်တွေ့နေကြရပေသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရ ရှိနေကြမည် မလွဲပေ။ သို့သော် - ˝ပ၀ါရဏာပွဲ˝ အကြောင်း သိသူကား နည်းလှပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤ ˝သီတင်းကျွတ် ပ၀ါရဏာပွဲတော်˝ ကား ရဟန်းတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်၊ လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့် ပါပေတည်း။
            ပ၀ါရဏာ မှာ ပါဠိစကားဖြစ်သည်။ ˝ဖိတ်ကြားခြင်း˝ ဟု အဓိပ္ပါယ်ရ၏။ ˝မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆို ဆုံးမတော်မူပါ˝ ဟု ရဟန်းတော် အချင်းချင်း ဖိတ်ကြားထားခြင်းကို ˝ပ၀ါရဏာ˝ ဟု ခေါ်ပါသည်။ ရဟန်းသံဃာတော်များအား အချင်းချင်း ဤသို့ ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်း အကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။
            ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ဇေတ၀န်ကျောင်း၌ ၀ါကပ်တော်မူ၏။ ရဟန်း တော်တော်များများ လည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ၀ါကပ်ကြသည်။ ထိုရဟန်းတို့သည်˝အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး˝ ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား - ˝အချင်းချင်း စကားမပြောရ၊ ၀စီပိတ်နေရမည်˝ ဟူ၏။ ဆွမ်းခံရာမှ အရင်ဆုံးပြန်လည် ရောက်ရှိ လာသူသည် ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ် အိုးခြမ်း တို့ကို ပြင်ဆင်ထားရမည်။ 

ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေ သုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက် လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေ သုံးရေ အိုးတို့၌ ရေမရှိသည်ကို တွေ့မြင်လျင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျင် လက်အမူအရာဖြင့် အခြားရဟန်းတပါးကို ခေါ်၍ အကူ အညီယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ၀စီပိတ် စည်းကမ်းချက် များဖြင့် တ၀ါတွင်းလုံး နေထိုင်ကြလေသည်။
              ထိုရဟန်းတော်များသည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံသွားရောက် ဖူးမြှော်ကန် တော့ကြလေ၏။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုက ရဟန်းတော်များနှင့် ၀မ်းပန်းတသာ မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း - ˝ချစ်သားတို့ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့် တဦး ခိုက်ရန်ငြင်းခုန်မှု ပြုခြင်း မရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား˝ ဟုမေးမြန်း တော်မူသည်။ ထိုအခါ ရဟန်းတော်များက တ၀ါတွင်းလုံး သူတို့နေထိုင်ခဲ့ကြပုံကို လျှောက်ထား၍ ˝ချမ်းသာစွာ နေခဲ့ရပါကြောင်း˝ ပြန်ပြောင်း လျှောက် တင်ကြသည်။
            ဤတွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင် တော်မူသည်။ ˝သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်˝ ဟု ၀န်ခံကြသည်။ သင်တို့ ၏ ၀စီပိတ်အကျင့်သည် တောတွင်း တိရစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေနည်း ထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်း တွေသာ ဖြစ်သည်။ (ရန်သူဖြစ်လျင် အချင်းချင်း မပြောနိုင်၊ မဆိုနိုင်ကြ။) သင်တို့သည် သာသနာ တော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ˝ဟု  ကဲ့ရဲ့ ရှုံ့ချတော်မူကာ - ˝သာသနာပ တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ လူအ အကျင့်၊ ၀စီပိတ် အကျင့်ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ˝ ဟုသိက္ခာပုဒ် ပညတ်ပိတ်ပင်တော်မူခဲ့လေသည်။
             ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ၀ါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က ကြားက ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (၀စီပိတ်) မနေဘဲ အချင်းချင်းပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက်မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ် လပြည့်နေ့ရောက် တိုင်း ရဟန်းတော်များ၏ ˝ပ၀ါရဏာပွဲ˝သည် ပြုလုပ်မြဲဖြစ် လေသည်။  ထိုကြောင့် ရှေးပညာရှိတို့က -
˝မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ˝ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။

ပ၀ါရဏာ ပြုလုပ်ပုံ အစီအစဉ်

             ကျောင်းတိုက်ရှိ သံဃာအားလုံး သိမ်ထဲတွင် စုရုံးနေရာယူကြရသည်။ သံဃာအားလုံးစုံသော အခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။ ˝အရှင်ဘုရား တို့  --- သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ ယနေ့ ပ၀ါရဏာ ပြုရမည့်နေ့ဖြစ်ပါ သည်၊ သံဃာတော်များ ညီလျှင် ပ၀ါရဏာ ပြုကြပါစို့˝။ ဤသို့ သံဃာအားလုံးအား အသိပေးပြီသော အခါ မထေရ်ကြီး (သံဃာပရိသတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်) ကစ၍ ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာ အားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။ 
             ˝ငါရှင်တို့ - - - မြင်းခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း (သုံးမျိုး)ဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်˝ ဟုသုံးကြိမ်တိုင်တိုင် လျှောက်ထား ရလေသည်။ ထို့နောက်ဝါစဉ်အလိုက် သံဃာအားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။ ဤကား ရဟန်းတော်များ သိမ်အတွင်း သဘော တူညီ စည်းဝေး၍ ပ၀ါရဏာပြုလုပ်ရပုံဖြစ်ပါသည်။ ရဟန်းတော်များ သည် အချင်းချင်း ဤသို့ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြ ခြင်းဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ကြပေသည်။

               ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် 

ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ˝ခေတ်မီဆဲ˝ဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ˝သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး˝ အတွက်ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်းပြောဆိုနိုင် ရေးကို အစဉ်တံခါးဖွင့်ပေးခဲ့သည်။ ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့်၊ ဆိုခွင့်မရှိ၊ အ အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ၊ မိမိမှာ ချွတ်ယွင်းချက် အပြစ်တစုံတရာ ရှိနေလျင် အမြန် အမှန်အတိုင်း ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြ နိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။
ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားခြင်းဖြင့် -

(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့် ဆိုခွင့် ရှိခြင်း။

(၂) အာပတ္တိ၀ုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။

(၃) ၀ိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး ၃ - မျိုးဖြစ်ထွန်း ရရှိနိုင်မည် ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။

           ဗုဒ္ဓမြတ်စွာ၏ ဤပ၀ါရဏာ ကျင့်စဉ်သည် ပုဂ္ဂိုလ် အချင်းချင်းသာ မဟုတ်၊ အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများဖြစ်ပါသည်။ လောကတွင် ˝မမှားသော ရှေ့နေ၊ မသေသော ဆေးသမား˝ မရှိနိုင်ချေ။ အမြှော်အမြင်ရှိသူ ပညာရှင်တို့၏ ညွန်ပြချက်၊ ဝေဖန်ချက်၊ မရယူဘဲ ˝ငါ့လှေ ငါထိုး၊ ပဂိုးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်˝ ဟု ငါထင်ရာ ငါသဘော ငါတကော ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မလွဲပေ။ ဤသို့ ˝ငါတကော ကောနေသူများ˝ကို မြတ်ဗုဒ္ဓက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။ ˝အပြစ်မြင်လျှင် အချင်းချင်းပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ  ငါဘုရား၏ ပရိသတ်သည် ကြီးပွါး ချမ်းသာနိုင်သည်၊ ညီညွတ်သော အစည်း အရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်း သုခကို ရရှိနိုင်သည်˝ ဟု မိန့်ကြား တော်မူခဲ့သည်။ (၀ိနည်းပါဠိတော်)။

           တခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အမှတ်တမဲ့ဖြစ်၍ သင်္ကန်းစ တဖက် လျှော့ကျ နေလေ၏။ ထိုအခါ ရှင်သာမဏေ ငယ်လေးတပါးက ˝အရှင်ဘုရား - - - အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်˝ ဟု ထောက်ပြခဲ့သည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ˝မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား˝ ဟု အမှတ်ထားတော်မမူပေ။ သင်္ကန်းကို ညီညာစွာ ပြင်ကိုင်ပြီး ˝ဆရာ - - - ဒီအတိုင်း ဟုတ်ပါပြီလား˝ ဟု တလေးတစား မိန့်ကြားတော် မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပ၀ါရဏာ) ကျင့်စဉ်ကြောင့် ရှင်ငယ်လေးပင် အမှားကို ထောက်ပြရဲခြင်း၊ ထောက်ပြနိုင်ခြင်းဖြစ်သည်။ 

            ဤသို့ အချင်းချင်းပြုပြင် ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့် ˝ထေရ၀ါဒ ရဟန်းတော်များ˝ ကို ယနေ့တွေ့မြင်နေရသေးခြင်း ဖြစ်သည်။ တခြားတပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုး မင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ ဒဏ်ကား မသေးငယ်လှ၊ ခေတ် အဆက်ဆက် ထေရ၀ါဒ ရဟန်းတော်များ အလူးအလိမ့်ခံခဲ့ကြရသည်။ သို့သော်ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရ၀ါဒ ကျင့်စဉ်ကို  ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ˝ဗေဒါပျံ အံကိုခဲ၊ ပန်းပန် လျက်ပဲ˝ ဟု ဆိုရမလို ဖြစ်သည်။
           ˝တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ၊ 

မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်˝ ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် တော်မူလာခဲ့ကြပေသည်။ ဗုဒ္ဓချမှတ် တော် မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျင် နိုင်လို မင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။ အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -----

အရှင်မဟောသဓပဏ္ဍိတ
(၁၉၉၄ ခုနှစ်၊ အောက်တိုလထုတ်၊ လောကချမ်းသာ စာစောင်မှ)

ဒီစာမူလေးက ဆရာတော်ရေးသားထားတဲ့စာမူတွေထဲက တစ်ခုပါ၊
ဒီနေရာမှာ နောက်ထပ် သီတင်းကျွတ်လရဲ့ ပွဲတော်များထဲမှ တစ်ခုဖြစ်တဲ့ ပ၀ါရဏာပွဲတော် အကြောင်း နဲနဲထပ်ပြီး တင်ပြပါရစေ-

ပ၀ါရဏာဆိုတာ သိမ်တခုတွင်းဝယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တပါးနှင့်တပါး အချင်း ချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြား ခြင်း ဖြစ်တယ်၊ 

မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ, ကြားလျှင်ဖြစ်စေ, မယုံသင်္ကာရှိလျှင်ဖြစ်စေ ပြောပြဖို့ဖိတ်မန် ပန်ကြားတာပါပဲ။ ဘာကြောင့် ဒီလို ပန်ကြားကြရတာလဲဆိုရင် ကိုယ့်အပြစ်ကို အခြား သူများ ကသာ သိပြီး, အခြားသူများကသာ မြင်တတ်ပြီး  ကိုယ့်ဟာကိုယ်တော့ မသိတာလဲ မမြင်တာလဲ ရှိနေတတ်တယ်။ 

အဲဒီလို ကိုယ့်မှာအပြစ်ရှိနေရင် အခြားရဟန်းများက ပြောပြညွှန်ပြဖို့၊ အဲဒီလို ညွှန်ပြ ပြောပြ လိုက်လို့ မိမိရဲ့ အပြစ်ကိုသိရရင် အပြစ်ကင်းအောင် ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားဖို့ပါပဲ။
ပြောပြလာတဲ့ အပြစ်ကို ပြန်လည်ကုစားဖို့၊ ပြန်လည်ဆင်ခြင်ပြီး နောင်မမှားရအောင် ပြုပြင်နေ ထိုင်ဖို့၊ အပြစ်များကို ဆေးကြောဖို့ဆိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ အများကြီးပါဝင်ပါတယ်၊ အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး, ဈာန် မဂ် ဖိုလ် တရားထူးရရေးများအတွက် အင်မ တန် ကောင်းတဲ့အစီအစဉ်ပါပဲ။

ဒါကြောင့် အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မတ်ပန်ကြားသင့်ပါတယ်။ ပန်ကြားတဲ့အတိုင်း သူတပါးက ပြောဆိုလာယင်လဲ ၀မ်းမြောက်ဝမ်းသာနဲ့ မိမိ၏အပြစ်ကို ကုစား ပြုပြင်ရပါ့မယ်၊ အဲဒါလိုပဲ ကိုယ်တိုင်မသိတဲ့အပြစ်ကို ပြောပြသူအား ၀မ်းမြောက်စွာနဲ့ လက်ခံပြီး ကျေးဇူးတင်ရပါ့မယ်၊ ဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပါပဲ။ ၀တ်ကြေတန်းကြေ သဘောမထားပဲ စိတ်စေတနာထက်သန်စွာဖြင့် ဖိတ်မန်ပန်ကြားလျှင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်၊ 

ဒါကြောင့် အချင်းချင်း သူတပါးအား ပြောစရာ ရှိယင်လဲ မိမိက ပြောရန်၊ သူတပါးက မိမိ၏ အပြစ်ကို ပြောလာယင်လဲ ၀မ်းမြောက်စွာနဲ့ လက်ခံပြီး စင်ကြယ်အောင် ပြုပြင်ကုစားသွားရန် အဲဒီလို သဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော်မူခဲ့တဲ့ကျင့်ဝတ်ပါပဲ။  ဒါကို ပ၀ါရဏာ ပြုတယ်လို့ ခေါ်ပါတယ်၊

ဒီပ၀ါရဏာပြုတဲ့သဘောဟာ 
အလွန်ကောင်းမွန်တဲ့အတွက် ရဟန်းတော်များသာမက နတ်များ လည်း ပ၀ါရဏာပြုကြတယ်လို့ သင်ခဲ့ ဖတ်ခဲ့ဖူးပါတယ်၊ 

(ဒီဃနိကာယ်၊ မဟာဝါအဋ္ဌကထာ  ၂ ၊ ၂၄၁၊၁၄၂ )(ဒီ-ဋီ၊ ၂၊ ၂၁၉)။ ) စာပေတွေထဲမှာ ဒီလို တွေ့ခဲ့ဖူးပါတယ်၊ 

(၁) မဟာပ၀ါရဏာယပိ ပုဏ္ဏမဒိဝသေ သန္နိပတိတွာ "အဇ္ဇ ကတ္ထ ဂန္တွာ ကဿ သန္တိကေ ပ၀ါရေဿာမာ"တိ မန္တေန္တိ။ တတ္ထ သက္ကော ဒေ၀ါနမိန္ဒော ယေဘုယျေန ပိယင်္ဂုဒီပမဟာဝိဟာရသ္မိံယေ ၀ ပ၀ါရေတိ။ သေသာ ဒေ၀တာ ပါရိစ္ဆတ္တကာဒီနိ ဒိဗ္ဗပုပ္ဖါ စေ၀ ဒိဗ္ဗစန္ဒနစုဏ္ဏာနိစ ဂဟေတွာ အတ္တနော အတ္တနော မနာပဋ္ဌာနမေ၀ ဂန္တွာ ပ၀ါရေန္တိ။ ဧ၀ံ ပ၀ါရဏသင်္ဂဟတ္ထာယ သန္နိပတန္တိ။
(ဒီ-ဋ္ဌ ၂၊ မဟာဂေါဝိန္ဒသုတ်၊ ၂၄၀-၂၄၂)

(၂) တာဝတိံသာ, ဧကစ္စေ စ စာတုမဟာရာဇိကာ ယထာလဒ္ဓါယ သမ္ပတ္တိယာ ထာဝရ ဘာဝါယ, အာယတိံ သောဓနာယ စ ပဉ္စ သီလာနိ ရက္ခန္တိ၊ တေ တဿ ၀ိသောဓနတ္ထံ ပ၀ါရဏာသင်္ဂဟံ ကရောန္တိ။ တေန ၀ုတ္တံ "မဟာပ၀ါရဏာယာ"တိ အာဒိ။   (ဒီ-ဋီ၊ ၂၊ ၂၁၉)။

အဓိပ္ပါယ်က -

(၁) သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည်နှင့် တာဝတိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက် “ယနေ့ အဘယ်နေရာသို့ သွား၍ အဘယ်ပုဂ္ဂိုလ်ဆီမှာ ပ၀ါရဏာပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင် သိကြားမင်းသည် များသော အားဖြင့် ပိယင်္ဂုကျွန်း၌ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌သာလျှင် ပ၀ါရဏာပြုရန် သွား ရောက်ပြီး အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍ မိမိတို့နှစ်သက်ရာ မနာပဌာနဖြစ်ရာအရပ်သို့ သွားကြ၍ ပ၀ါရဏာ ပြုကြပါတယ်၊

(၂)ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါလည်း ကောင်း၊  နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန်အလို့ငှါလည်းကောင်း, ငါးပါးသီလကို ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ ထိုကဲ့သို့ အပြစ်များကို သုတ်သင်စင်ကြယ်စေခြင်းငှာ ပ၀ါရဏာ စုပေါင်း ပြုကြကုန်တယ်၊  ဒါကို မဟာပ၀ါရဏာပြုကြတယ် ဟု ခေါ်ဝေါ်ကြပါတယ်၊

          နတ်ပြည်မှာရှိတဲ့ နတ်သား နတ်သမီးးတွဆိုတာ နတ်ပြည်မှာ 
 ကုသိုလ်ကံအရှိန်နဲ့ နေကြရတာ ဖြစ်ပါတယ်၊ အဲဒီလို နေနရင်း အညစ်အကြေးအစွန်းအထင်းတွေကြောင့် နတ်သက်တမ်းတွေ တိုမသွား အောင် နတ်ပြည်မှာ နတ်စည်းစိမ်တွေ ထာဝရမြဲနေအောင် အကုသိုလ်အညစ်တွေ စင်ကြယ်သထက် စင်ကြယ်ပြီး ကုသိုလ်အရှိန်တွေ ကောင်းသထက်ကောင်းလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နတ်ပြည် မှာလည်း နတ်တွေဟာ ပ၀ရဏာပြုကြတယ်၊ အလွန်ကောင်းတဲ့ အလေ့အထတစ်ခုပါ၊ ဒါကြောင့် နတ်တွေလည်း ပ၀ါရဏာပြုကြတယ် လို့ မှတ်ရမယ်၊

          လူလောကမှာနေတဲ့ လူဝတ်ကြောင်တွေလည်း ပ၀ါရဏာပြုကြပါတယ်၊ ဘာကြောင့်လည်းဆို တော့ သီတင်းကျွတ်လပြည့်ရောက်ရင် မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးတဲ့ ပုဂ္ဂိုလ်တွေကို ကန်တော့တယ်၊ မိဘ ဆရာသမားတွေကို ကန်တော့တယ်ဆိုတာ ရဟန်းတော်တွေ ပ၀ါရဏာပြုတဲ့ အလေ့အထက ဆင်းသက်ပေါက်ဖွားလာတယ်လို့ ထင်ပါတယ်၊ 

          သက်ကြီးဝါကြီး အဘိုးအဘွား မိဘဆရာသမားများကို သီတင်းကျွတ်မှာ လိုက်လံကန်တော့ ကြတဲ့အခါ       `ကာယကံ ၀စီကံ မနောကံ ကံသုံးပါးဖြင့် ပြစ်မှားမိသည့်ရှိသော် ` ဆိုပြီး မိမိရဲ့ အပြစ် တွေကို ပြောပြပြီး ခွင့်လွှတ်ဖို့ ဖိတ်မာန်ပန်ကြားတဲ့ စကားလေးဟာ ရဟန်းတော်အချင်းချင်း ပ၀ါရဏာ ပြုတဲ့စကားနဲ့ အတူတူပါပဲ၊ ဒါကြောင့် သီတင်းကျွတ်မှာ သက်ကြီးဝါကြီးအဘိုးအဘွား မိဘ ဆရာသ မားများကို ကန်တော့တာဟာ လူတွေအတွက် ပ၀ါရဏာပြုတာပါပဲ၊ ဒါလည်း ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ၊ 

          ဒါပေမဲ့ တော်တော်များများက သီတင်းကျွတ်မှာ ကန်တော့တာဟာ ရိုးရာထုံးစံတစ်ခုလိုပဲ သဘောထားကြတော့တယ်၊ သိပ်ပြီး အလေးအနက်ထားရကောင်းမှန်း မသိကြတော့ဘူး၊ ဒီလို ပ၀ါရဏာပြုတဲ့ အလေ့အထလေးဟာ နတ်ပြည်စည်းစိမ်တွေကို ခိုင်မြဲစေတယ်၊ အကုသိုလ်အညစ်အ ကြေးတွေက ဖြူစင်သန့်ရှင်းစေတယ်၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာနဲ့ ချစ်ချစ်ခင်ခင် အေးအေး ချမ်းချမ်း နေနိုင်တယ်၊ လောကထဲက လူတွေ အချင်းချင်း ညီညွှတ်မှုကို ပိုပြီးဖြစ်စေတယ် ဒီလို အတွေးမျိုးနဲ့ မွန်မြတ်တဲ့လုပ်ငန်းတစ်ခုလို့ မထင်တော့ဘူး၊ သာမာန်ရိုးရာတစ်ခုလိုပဲ သဘောထားကြ တော့တယ်၊ အလေ့ထကောင်းလေးပေမဲ့ မွန်မြတ်တဲ့အဓိပ္ပါယ်သက်ရောက်မှုရှိအောင် မဆောင်ရွက်နိုင် ကြတော့ဘူး၊

          ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်း သာသာ နေနိုင်မယ့် လမ်းညွှန်မှုလို့ယူဆကာ လိုက်နာကျင့်သုံးကြရင် အရမ်းကောင်းတဲ့ အလေ့အထ လေး ဖြစ်မှာပါပဲ။  ဒါဟာ ပ၀ါရဏာက ပေးတဲ့ လောကငြိမ်းချမ်းရေးပေါ့။

ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကလူသားတွေအတွက် တကယ့်ကို အတုယူ လိုက်နာကျင့်သုံးသင့်တယ်၊ “သံဃာတော်များ ဘုရား တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲဖြစ်ဖြစ် ပြောပြကြပါ၊ သံဃာကပြောပြတဲ့အပြစ်ကို တပည့်တော် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင် သတိထားပြီး နေထိုင်ပါ မယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ ဒီလို ကိုယ့်အပြစ်ကို ပြောပြဖို့တိုက်တွန်းပြီး ပြုပြင်မယ်ဆိုရင် အရမ်းကောင်းတဲ့ အပြုအမူအလေ့အကျင့်လေးဖြစ်မှာပါပဲ၊

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ် မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် မိမိအပြစ်ကို အပြစ်လို့မမြင်သူတွေ၊ မိမိရဲ့အမှားကို အမှားလို့ ထောက်ပြညွှန်ပြ လမ်းမှန်ပြသမဲ့သူမရှိ ဆက်လက်မှားယွင်းနေတဲ့သူတွေ လည်း အများကြီးရှိပါတယ်။ မိမိအမှားကို ထောက်ပြ ညွှန်ပြပေမဲ့ အမှန်ကို ပြုပြင်နိုင်တဲ့ သူတွေလည်း နဲနေပါသေးတယ်၊ 

 ပိုဆိုးတာက မိမိရဲ့အပြစ်ကို ပြောပြဆိုဆုံးမပေးဖို့ ဖိတ်ကြားပန်ကြားရဲတဲ့သူတွေ သိပ်မရှိပါ ဘူး၊  မိမိအပြစ်ကို ပြောပြဆိုဆုံးမလာရင်လည်း ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်စွမ်း လည်း အားနည်းနေပါသေးတယ်၊ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ် အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်မယ်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ ယနေ့ခေတ် လောကကြီးထဲမှာ ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာ မဟုတ်ပါဘူး။ ဆက်လက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွား ၊ ရန်ငြိုးထား ကလဲ့စားချေဆိုတဲ့ သံသရာထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေအုံး မှာပါပဲ၊ 

အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေကြတာတွေ များပါတယ်၊ ဒီလိုဖြစ်နေရင် ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေးဆိုတာနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်သာ ဘုရားရှင်က ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာပညတ်တော်မူထားခြင်း ဖြစ်တယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကိုပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီး ဘ၀ကို မြင့်မားစေတာ ဖြစ်ပါတယ်။ 

ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ် လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ်ခံယူကာ လက်ခံပြုပြင် နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေးလာနေမှာဖြစ်ပြီး ဒီလို ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာ ကိုက အတ္တသမာပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန် အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်း ဖြစ်ပါ တယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေအနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပ၀ါရဏာပြုကြည့်ကြဖို့ပါ။ တစ် ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင် ကြည့်ကြဖို့ပါ။ 

တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယ ရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ် တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှား နည်းပြီး အများနဲ့တသားထဲဖြစ်ပါလိမ့်မယ်၊ အဲဒီလို အများနဲ့တသားထဲဖြစ်ပြီး ညီညွှတ်ကြမယ်ဆိုရင် အရာအားလုံးအောင်မြင်ပြီး လောကကြီးအတွက် တကယ့်ကို အေးငြိမ်းစေနိုင်ပါလိမ့်မယ်၊ ဒါဆို ပ၀ါရဏာဆိုတာ ရဟန်းတွေသာမက လူပုဂ္ဂိုလ်တွေလည်း အချင်းချင်း ပ၀ါရဏာပြုသင့်တယ် ဆိုတာ နားလည်နိုင်မယ် ထင်ပါတယ်၊

ဒါနဲ့ပတ်သက်ပြီး ကဗျာလေးတစ်ပုဒ်ကို သတိရမိတယ်၊ အလှဆင်သူ တဲ့၊ ဒီကဗျာလေးက တကယ်တော့ သူ့အပြစ် ကိုယ့်အပြစ်ကို မြင်ပြီး အမှန်ကိုပြင်လည်ပြုပြင်မှ ဘ၀ဟာ လှပတယ်ဆိုတဲ့ ကဗျာလေးပါ၊ 

အမှားသိမြင် အမှန်ပြင်၍
အလှဆင်မှ အစဉ်လှမည် ၊ 

ဆိုတဲ့ စကားလေးလိုပဲ အမှားသိမြင်ဖို့ ပ၀ါရဏာပြုပါ၊ ပြိးတော့ အမှန်ပြင်ပါ၊ ဒါမှသာ  ဘ၀ဟာ လှပပါလိမ့်မယ်၊ လာကဟာလဲ ငြိမ်းချမ်းပါလိမ့်မယ်၊

အလှဆင်သူ

ပတ်ဝန်းကျင်မှား သတိထား၍
ကိုယ့်မှားပြင်သူ တစ်ယောက်သူ။

ကိုယ့်ရဲ့အမှား သတိထား၍
နောင်မမှားသူ တစ်ယောက်သူ။

ကိုယ့်မှားသူ့မှား မကြည့်အားဘဲ
အမှားဆက်သူ တစ်ယောက်သူ။

ထိုသူသုံးပါး သတိထားလျှက်
အမှားသိမြင် အမှန်ပြင်၍
အလှဆင်မှ အစဉ်လှမည်
လောက ပွင့်လန်းပေလိမ့်မည်။          

                                      လမင်းသောတာ(၁၅- ၁၁- ၂၀၀၈)

ဒါကြောင့် အားလုံးသောဘ၀များ လှပငြိမ်းချမ်းဖို့ ၊ လောကကြီးတစ်ခုလုံး အေးချမ်စေဖို့ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ…
                                                အရှင်သုဝီရ၊ (မဟာဂန္ဓာရုံ၊)

No comments:

Post a Comment