ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Thursday, October 18, 2012

ပညာအကြောင်း


ပညာအကြောင်း
(ပညာဘက်၌ အလိုက်အစားနည်းခဲ့သော ဤ မြန်မာနိုင်ငံကိုလည်း ရေနံတွင်း ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ၀ဉ္စနာပညာရှင်တို့က သူငယ်နှပ်သားကလေးကို လှည့်စားသလို သိမ်းယူသွားသည်မှာ သူတို့၏ ပညာစွမ်းပင်ဖြစ်ပေသည်။
ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဉဏ်မျက်စိ စူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘောထား၍ ပစ္စည်းရော လူပါ အညွန့်ခူးချင်တိုင်း ခူးနေကြသည့်အပြင် အောက်တန်းစားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်လေးများကလည်း ထထကြွကြွ ၀ီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်၊ ငါတို့ အမျိုးသား တွေက ““ဖိုးသူတော် ကျပ်တစ်လုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော် နောကတုန်းပင်””။)

အမောဟ (ပညာ) အကြောင်း

အမောဟဟူသည် ဉဏ်ပညာတည်း။ ထို့ကြောင့် ““ပညာ ဉဏ်မူ၊ အမောဟဟူ၏”” ဟုဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာ ထားသောအရာဟူသမျှကို ဤဉဏ်ပညာဟု ခေါ်သော  အမောဟ   က မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကို သိရ လေသည်။ သို့ဖြစ်၍ မောဟနှင့်အမောဟသည် ““ခင်ပုတ်နှင့် ကျီး”” ကဲ့သို့ ကမ္ဘာ့ရန်ဘက်ကြီးများပေတည်း။

ပညာစစ်

       ဤဉဏ်ပညာသည် ပညာစစ် ပညာတု ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို သိတတ်သော ဉဏ်၊ စာပေကျမ်းဂန်၏ အဓိပ်္ပာယ်မှန်ကို နားလည်သောဉဏ်၊ ၀ိပဿနာဉဏ်၊ မဂ်ဉဏ် ဖိုလ်ဉဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉဏ် တိုင်အောင် အပြစ်ကင်းသော အသိအလိမ်္မာ ဉဏ်ဟူသမျှ ပညာ အစစ်ပင် တည်း။ 

ပညာတု

       ““ပါးနပ်သူ”” ဟု ခေါ်ရသူတို့ သန်္တာန်ဝယ် တစ်ဖက်သားကျ လောက်အောင် ဟန်ပန်လေသံ ဆောင်တတ်၊ ပြောတတ် ဟောတတ်သောဉဏ်၊ အခိုးအ၀ှက်ဉဏ်၊ အလှည့်စားဉဏ်၊ ပရိယာယ် မာယာဉဏ်များ ရှိ၏။ ထို ဉဏ်မျိုးသည် ပညာစစ် မဟုတ်၊ လိမ်လည် လှည့်ပတ်တတ်သော ““၀ဉ္စနာ ပညာတု”” ဖြစ် သည်။ [၀ဉ္စနာ = သူတစ်ပါးကို လှည့်စားနိုင်သော + ပညာ= အသိ] ပရမတ္ထ သဘောအားဖြင့် တဏှာပြဋ္ဌာန်းသော အကုသိုလ်တည်း။ ထိုပြင် သတ်နည်း ဖြတ်နည်း တိုက်ခိုက်နည်း လက်နက်ကောင်းကောင်း လုပ်နည်းများကို နားလည်းသော ဉဏ်များလည်း ရှိသေးသည်။ ထိုဉဏ် များလည်း ပညာစစ်မဟုတ်၊ နောက်၌ ပြမည့် ““၀ိတက်”” ခေါ်သောအကြံကောင်းသော အကုသိုလ်သာ ဖြစ်သည်။

     သို့သော် ထိုပြခဲ့သော ပညာအတုများသည် ထူထိုင်းဖျင်းအ သူတို့မှာ မရှိ၊ ပင်ကိုက ပညာအစစ်အမှန် ဓာတ်ခံပါသူ၊ အတွေ့အကြုံ အကြားအမြင် (ဗဟုသုတ) များသူတို့၌သာ ဖြစ်နိုင်ပေသည်။ အစစ်အမှန် ပညာဉဏ်က ပညာအတုအား ပကတူပနိဿယခေါ် ပဋ္ဌာန်းပစ်္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ပင်ကိုက ဉဏ်ထက်မြက်သူတို့မှာ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်း၌ အမြင့်ဆုံးအတန်းသို့ ရောက်အောင် စွမ်းနိုင်ကြသကဲ့သို့ မကောင်းသောလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်လမ်းကုန် အစွမ်းကုန် ဆိုးသွမ်းနိုင်ကြလေသည်။


ဇာတိနှင့်ပညာပ၀တ်္တိပညာ

       အစစ်ဖြစ်သော ပညာသည် ဇာတိပညာ-ပ၀တ်္တိပညာ ဟု၂ မျိုးရှိ၏။ ပဋိသန္ဓေတည်နေစဉ်ကပင် အလောဘ၊ အဒေါသ၊ အမောဟ ၃ မျိုး ပါလာသူကို ““ တိဟိတ် ပုဂ်္ဂိုလ်”” ဟု ခေါ်သည်။ ““ပဋိသန္ဓေစိတ်မှာ အလောဘစသော ဟိတ် ၃ ပါးရှိသူ”” ဟု ဆိုလိုသည်။
ထို တိဟိတ်ပုဂ်္ဂိုလ်၏ အမောဟ ခေါ် ပညာသည် ဇာတိ ပညာ (၀မ်းတွင်းပါပညာ) တည်း။ ထိုဇာတိ ပညာပါသူသည် ကလေးဘ၀ကပင် ပြောပြ၍ နားလည်လွယ်၏။ တောင်တောင် ဤဤ ကြံစည်တတ် တွေးတောစဉ်းစားတတ်၏။

ပဋိသန္ဓေပညာ မပါခဲ့ဘဲ ပ၀တ်္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်း ဖကောင်းတို့ သင်ပြခြင်း၊ အရွယ်ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ရှိခြင်း၊ ဗဟုသုတ ရှာမှီးခြင်း စသည်တို့ကြောင့် တတ်သိနားလည်လာသော ပညာသည် ပ၀တ်္တိပညာမည်၏။ ထို့ကြောင့် ဇာတိပညာ မပါသူသည် ပ၀တ်္တိပညာဖြစ်အောင် ထူထောင်နိုင်သေး၏။ ဇာတိပညာ ပါလာ သည့် အပြင်(ပြခဲ့သောနည်းဖြင့်) ပ၀တ်္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်း ရောက်သူတို့တွင် ပါဝင်နိုင်သည်။

ဇာတိပညာရှိအောင် ပျိုးထောင်နည်း

          ပဋိသန္ဓေက ဉဏ်ဓာတ်ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။ တရားအားထုတ်ရာ၌လည်း အကျိုး များ၏။ ပဋိသန္ဓေပညာရှိသူသာ တရားအားထုတ်၍ ပေါက်နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင်သင့်ကြသည်။ ထူထောင်နည်းတချို့ကား- ပထမဆုးံ အသိအလိမ္မာ ဉဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ထို့သို့ ဖြစ်ချင်သည့်အတိုင်းလည်း အသိအလိမ္မာ ဉဏ်ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါ လက်ပါ ကြည့်ရှုရမည်။ ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံမှ အကြံဉဏ် ကောင်းများကို မေးမြန်းမှတ်သားရမည်။ ဤမျှလောက် ကြိုးစားလျှင်ပင် ပ၀တ်္တိဉဏ်တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာပါလိမ့်မည်။ ထိုအခါ နောင်သံသရာအတွက် ဉဏ်ပညာ အထုံပါလောက်ပေပြီ။ 

သို့သော် အားမရသင့်သေးပါ။

          ဉဏ်ပညာ ပွင့်လင်းအောင် အ၀တ်အစား အိပ်ရာနေရာမှ စ၍ တစ်ကိုယ်လုးံ အမြဲသန့်သန့်ရှင်းရှင်း ရှိစေရမည်။ ဒါနစသော ကုသိုလ်ပြုတိုင်း ““ဉဏ်ပညာ ထက်မြက်ရသူဖြစ်ရပါလို၏””ဟု စိတ်ကလည်း ညွတ်ရမည်။ နှုတ်ကလည်း ရွတ်ဆိုဆုတောင်းရမည်။ ရဟန်းသံဃာ လှူဒါန်းရာ၌လည်း ““စာပေကို သင်ယူနိုင်၊ ပို့ချရေးသား နိုင်ပါစေ””ဟု စိတ်စေတနာ ဖြစ်စေရမည်။ တတ်နိုင်ပါမူ စာသင် ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ်္ဂိုလ်ကို ကိုးကွယ်ကာ စာပို့ချနိုင်အောင်လည်း ထေက်ပံ့ရမည်။ 

          လူစာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ တိုင်းသူ ပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ မိမိတတ်သည့်သမျှကို သူတစ်ပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ်ရှိရမည်။ ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘ၀ သံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်ပါသည်။ ဤကား နောက်ဘ၀ အဆက်ဆက်၌ ဇာတိပညာ (၀မ်းတွင်းပါပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်းပေတည်း။

သဒ္ဓါနှင့်ပညာ ကွာခြားပုံ

          သဒ္ဓါ၏သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရ လျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ  ကြီးပွားရေးကို လေးလေးနက်နက် သတိမထားတက်။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်၊ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံကံ၏-အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပြီ။

       ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာလာသည်၊ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိ၊ တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်၊ သို့ရာတွင် အစုံကြည့် ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်းမကောင်း၊ နှစ်ဖက်စုံကြည့်တတ်မှသာ ကောင်းပါသည်။ ““သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ”” ဟု ကျမ်းလာဆိုရိုး ရှိပါသည်။
(အမှာ     ။ သဒ္ဓါ မျက်စိ  ပညာမျက်စိဖြင့်  တစ်ဖက်စီ  ကြည့်ကြပုံ၊       ၂ ဖက်စုံ ကြည့်ကြပုံကို စုံစုံလင်လင်ရေးရလျှင် ကျမ်းစာ တစ်စောင်ဖြစ်အောင် ရေးမှသာ လုံလောက်ဖွယ် ရှိသော ကြောင့် ဤနေရာ၌ မရေးဘဲ လျစ်လျူရှုရတော့မည်။)

တိုက်တွန်းချက်

အို၊ အမျိုးသားတို့ အသိအလိမ္မာ ဉဏ်ပညာဟူသည် အစစ် ဖြစ်စေ၊ အတုဖြစ်စေ မိမိ၌ ဓာတ်ခံရှိဖို့ အရေးကြီးလှပေသည် လူတို့ အသက်ရှင်ဖို့ အရေး၌ နှလုံးသည်းပွတ်သည် အရေးကြီးဆုံး ဖြစ် သကဲ့သို့ လောကသံသရာနှစ်ဖြာ ကြီးပွားရး၌လည်း ဉဏ်ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်၏၊ ဒါန သီလ စသော ပါရမီအားလုံး၏ အကျိုးကို ဉဏ်ပညာရှိသူသာ အဆုံးတိုင် သိနိုင်၍ ဉဏ်ပညာကြောင့်သာ ထိုပါရမီများ ပြည့်ဝကြပေသည်။
လောက၌လည်း အိမ်တွင်းရေး ငြိမ်းချမ်းမှုသည် သမီးခင်ပွန်း ၂ ယောက်၏ အသိအလိမ္မာ ဉဏ်ပညာ အပေါ်မှာ တည်သည် မဟုတ်လော။ သားရေး၊ သမီးရေး၊ စီးပွားရေး ၊ကြီးပွားရေးတို့၌လည်း ဉဏ်ပညာရှိမှ ၀ီရိယ အကျိုးနာလည်၍ လုံးလစိုက်ကာ သာသာယာယာ ရှိစေနိုင်သည်။ ပရိတ်သတ် ဗိုလ်ပုံတို့၏ အလယ်မှာလည်း ““ပညာရဲရင့်သူတို့သာ ပွဲလည်တင့်”” နိုင်ကြသည်။ ဘူလုံးနားမထွင်း အဖျင်း အအ ပညာပိုင်းက အောက်တန်းကျနေသူ တို့မှာ စည်းစိမ်ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်း နိုင်ကြပါ။

ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ်္တိမှာ ဤပညာအရည် အချင်းသာတည်း။ ဓနရှင်တို့မှာ ထိုပညာရှင်တို့ကို ကူညီကြသဖြင့် ကြီးပွားရေး၌ ဝေစုရသူများသာ ဖြစ်လေသည်၊ အသေးအဖွဲရန်ပွဲ ကလေးမှစ၍ တိုင်းနိုင်ငံချင်း စစ်ခင်းသည်အထိ ပညာရှိတို့ဘက်က အောင်ပွဲရစမြဲဖြစ်သည်၊ စတုဓမ္မ ဇာတ်တော်၌ ဂင်္ဂါမြစ်အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော် မျောက်မင်းက ၀ဉ္စနာပညာဖြင့် လှည့်စား၍ မိကျောင်းကို အနိုင်ရခဲ့ဖူးလေသည်။ [ဤ၀တ္ထု၌ လှည့်စားတက်သော ဉဏ်သည် ပညာအတုသာဖြစ်၏။ သို့သော် လောကီကြီးပွားရေး၌ ဤပညာအတုလည်း များစွာအသုံး ကျသည်ပင်။]

မဟော်သဓာ ဇာတ်တော်၌လည်း မရေမတွက်နိုင်လောက်အောင် မြားမြောင်လှစွာသော စစ်တပ်တို့၌ ချဉ်းကပ်လာသော ကေ၀ဋ္ဋပုဏ္ဏားနှင့် စူဠကီမင်းကို အလောင်းတော်၏ ပညာအစွမ်းဖြင့် ကျီးခြောက်သလို ခြောက်လှန့်၍ ခံ့ခံ့ကြီး အောင်ပွဲဆင်ခဲ့ရပေသည်၊ 

ပညာဘက်၌ အလိုက်အစားနည်းခဲ့သော ဤ မြန်မာနိုင်ငံကိုလည်း ရေနံတွင်း ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ၀ဉ္စနာပညာရှင်တို့က သူငယ်နှပ်သားကလေးကို လှည့်စားသလို သိမ်းယူသွားသည်မှာ သူတို့၏ ပညာစွမ်းပင်ဖြစ်ပေသည်။
ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဉဏ်မျက်စိ စူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘောထား၍ ပစ္စည်းရော လူပါ အညွန့်ခူးချင်တိုင်း ခူးနေကြသည့်အပြင် အောက်တန်းစားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်လေးများကလည်း ထထကြွကြွ ၀ီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်၊ ငါတို့ အမျိုးသား တွေက ““ဖိုးသူတော် ကျပ်တစ်လုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော် နောကတုန်းပင်””

အို...အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှ သည် အဘက်ဘက်က အောက်တန်းကြရမည်မှာ ဗေဒင်မေးစရာ မလိုတော့ပါ၊ အမျိုးကို ချစ်ခင်ကြသော ကျောင်းဆရာကြီးများက လည်း စွမ်းနိုင်သမျှ နည်းကောင်းလမ်းမှန်များကို ညွန်ပြကြပါ၊ ကျောင်းသူကျောင်းသားတို့ကလည်း စိတ်ပါလက်ပါ ကြိုးစားကြပါ၊ ဓနရှင်လူကြီးလူကောင်းနှင့် သံဃာတော်အပေါင်းကလည်း ပညာရေး တိုးတတ်အောင် အဘက်ဘက်က အားပေးကြပါ၊ ဤသို့ တစ်နိုင်ငံလုံး ကြိုးစားမှသာ ယခုဘ၀၌ နာလန်ထူပြီးလျှင် သံသရာ အဆက်ဆက်လည်း ထက်မြက်သော ဇာတိပညာရှင်များ ဖြစ်နိုင် ကြပါလိမ့်မည်။

(ပညာအကြောင်းပြီး၏)

(အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်၊ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းစာ မှ)

No comments:

Post a Comment