ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Friday, October 12, 2012

ဘ၀ဟာ နားခိုခဲ့ဖူးတဲ့ ထနောင်းပင်လေးဆိုရင်


                           ထနောင်းပင်လေးသို့

ကိုယ်သွားမယ့် ပန်းတိုင်ရောက်ဖို့
လမ်းကလေးအတိုင်း ဆက်လျှောက်ရင်း
လူသူကင်းဝေးတဲ့
တောတွင်းကတစ်နေရာ
အရိပ်ကောင်းတဲ့ ထနောင်းပင်အောက်
ချွေးသိပ်ဖို့ ခေတ္တရောက်ခဲ့တယ် ။

ထနောင်းပင် အေးရိပ်လေးက
ငါ့လိုလူ ခရီးသွားအတွက်
အပူပင် ကင်းဝေးပြီး
စိတ်အေးလက်အေးရှိလှတယ်။

ဟိုကောင်းကင် မိုးတိမ်ကြားမှာ
ပျံလွှားငှက်နှစ်အုပ်လည်း
တက်သုတ်ရိုက်ခရီးနှင်နေရဲ့
သူတို့လည်း ငါ့လို
အချိန်မှီခရီးရောက်လိုလို့ထင်ရဲ့

ဒီလို သာယာလှပ
အေးမြတဲ့ ဘ၀တစ်နေရာ
ကြာကြာနေလို့ မဖြစ်ပါဘူးလေ
အဖေမှာထားတယ်မလား

“ခရီးသွားဆိုတာ
မနေမနားလည်း မသွားနဲ့
အနေနားလည်း မထားနဲ့
နားလည်းနား သွားလည်းသွား
ဒါ့မှ ငါ့သား...
ခရီးတွင် လိုအင်ပြည့်ဝ
အချိန်မှီ ပန်းတိုင်ရောက်မှာပ” တဲ့ ။

အင်းလေ
အရိပ်လေး အေးမြပေမယ့်
အချိန်မှီခရီးတွင်ဖို့
တစ်ဖန် ခရီးနှင်ဦးမယ် ။

မောပန်းသူ ခရီးသွားကို
ခဏတာချွေးသိပ်
နားနေဖို့ အေးရိပ်ပေးခဲ့တာ
ကျေးဇူးပါ ထနောင်းပင်လေးရယ်။

                          အလင်္ကာ အရှင်

၂၆.၉.၂၀၁၂ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment