အမြစ်
လူမမြင်သူမမြင်
အမြဲပင် ပုန်းအောင်းနေလျက်
ပင်စည်ကိုင်းတက်တွေ
အထက်ထက် မြင့်တက်လာအောင်--၊
အရွက်အညွှန့်တွေ
တလွန့်လွန့် ဝေလာအောင်--၊
အဖူးအပွင့်တွေ
အဆင့်ဆင့် မွှေးကြိုင်လာအောင်--၊
အသီးအခိုင်တွေ
တဖြိုင်ဖြိုင် ကြီးထွားလာအောင်--၊
မြေလွှာကိုလည်း ဖေါက်ကုတ်
မြေဆီကိုလည်း ဆွဲစုပ်
ရေကြည်ကိုလည်း သောက်ထုတ်ပြီး
မနားတမ်း အလုပ်လုပ်ကာ
စွမ်းအားတွေ
ပို့နေတာကိုက
သူ့ဘ၀ သူ့အလှ။
သူ့တန်ဖိုး သူ့တန်ခိုး။
အရှင်နိမ္မလနတ်မောက်ဘုန်းနွယ်