အားလုံးအတွက် အားလုံးကို စွန့်လွှတ်ခြင်း
အခန်း(၁)
စဇေ
ကုလမတ္ထံ ဧကံ၊ စဇေ ကုလံ ဂါမအတ္ထံ။
စဇေ ဂါမံ ဇနပဒတ်္ထံ၊ ဓမ္မတ္ထံ ပထ၀ိံ စဇေ။
(လောကနီတိ)
မျိုးနွယ်တွက်မှာ၊
တစ်ယောက်သာ၊ စွန့်ခါစွန့် ရမည်။
ရပ်ရွာတွက်မှာ၊
မျိုးနွယ်သာ၊ စွန့်ခါစွန့်ရမည်။
နယ်ပယ်တွက်မှာ၊
ရပ်ရွာသာ၊ စွန့်ခါစွန့်ရမည်။
ဓမ္မတွက်မှာ၊
အားလုံးသာ၊ စွန့်ခါစွန့်ရမည်။
သက္ကတိုင်း
ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဓနမင်းသည် သားတော်ကြီးသိဒ္ဓတ္ထမင်းသား၊ သားတော်ငယ်နန္ဒမင်းသား၊
တူများဖြစ်ကြသည့် အာနန္ဒာ၊ မဟာ နာမ်၊ အနုရုဒ္ဓါ၊ ဘဒ်္ဒိယစသော သာကီဝင်မင်းသားတို့၏ အားအင်၊
အရည်အချင်း၊ သတ်္တိဗျတ်္တိ၊ ခွန်အား ဗလ၊ လုပ်ရည် ကိုင်ရည်တို့ကို ကြည့်ရှုကာ တိုင်းပြည်အတွက်
စိတ်ဓာတ်တက်ကြွလျက်ရှိပေသည်။
သက္ကတိုင်း၊
ကပိလ၀တ်ပြည်နှင့် သကျမျိုးနွယ်၏ အဆင့်အတန်းကို မြှင့်တင်ပေးမည့် တိုင်းပြည်နှင့်မျိုးနွယ်အတွက်
အားထားရမည့် မျိုးဆက်သစ်များအဖြစ်မျှော်လင့်ယုံကြည် အားထားလျက်ရှိပေသည်။
မိမိ၏သားတော်၊
တူတော်တို့လက်ထက်ရောက်လျှင် မိမိတို့တိုင်းပြည်နှင့် သကျမျိုးနွယ်တို့ကို အနီးအပါးနိုင်ငံကြီးတို့က
လေးစားခံ့ညားလောက်သည့် နိုင်ငံနှင့် မျိုးနွယ်အဖြစ် မြှင့်တင်ပေးနိုင်မည့် အခြေအနေကိုလည်း
တွေ့မြင်နေရပေသည်။
မိမိသားတော်နှင့်တူတော်တို့သာ
သိုက်သိုက်ဝန်းဝန်း စည်းလုံးညီညွတ်စွာဖြင့် အားကြိုးမာန်တက် တိုင်းပြည်အတွက် ပေးဆပ်ဆောင်ရွက်ကြမည်ဆိုလျှင်
တိုင်းပြည်၏ စစ်ရေး၊ စီးပွားရေး၊ ပညာရေးမှအစ တစ်တိုင်းပြည်လုံး ပတ်ဝန်းကျင်နိုင်ငံများက
လေးစား ခံ့ညားလောက် သည်အထိ တိုးတက်မြင့်မားသွားမည်ကို အမြဲတမ်း မျှော်လင့်လျက်ရှိပေသည်။
သက္ကတိုင်း၊
ကပိလ၀တ်တိုင်းပြည်၏ ပစ္စက္ခအခြေအနေမှာကား ကာသိတိုင်း၊ ကောသလတိုင်းနှင့် နီးကပ်နေသည့်အပြင်
လူဦးရေနည်းပါးခြင်း၊ စစ်တပ် အင်အားနည်းပါးခြင်း၊ နိုင်ငံပထ၀ီမြေပြင်အခြေအနေအရ တောတောင်ထူထပ်သဖြင့်
စိုက်ပျိုးမြေ နည်းပါးခြင်းစသော အကြောင်းတို့အရ အနီးအပါး ကာသိတိုင်း၊ ကောသလတိုင်း၊
အင်္ဂတိုင်း၊ မဂဓတိုင်းစသော ပထ၀ီအနေအထား၊ လူဦးရေအနေအထား၊ စစ်တပ်အင်အားကြီးမားသော တိုင်းပြည်ကြီးများနှင့်
ပသေနဒိကောသလမင်း၊ ဗိမ်္ဗိသာရမင်းစသော ရှင်ဘုရင်ငယ်များ၏ သြဇာခံသဖွယ်ဖြစ်နေရခြင်းကို
မကျေနပ်သော်လည်း အောင့်သက်သက်ဖြင့် ကြည့်ကာနေရပေသည်။
မိမိတိုင်းပြည်
အင်အားနည်းပါးမှုကြောင့် အနေမတတ်လျှင် မိမိတို့ သကျမျိုးနွယ်နှင့် ကပိလ၀တ်တိုင်းပြည်သည်
အချိန်မရွေး ကမ္ဘာမြေမှ ကွယ်ပျောက်သွားနိုင်သည်။
တိုင်းပြည်နှင့်သကျမျိုးနွယ်
မကွယ်ပျောက်ရေးအတွက် အခြေအနေနှင့် အချိန်အခါ လိုက်လျောညီထွေနေတတ်၍သာ တော်တော့သည်၊ လိုက်လျောညီထွေမနေတတ်ပါမူ
တိုင်းပြည်ကြီးများ၏ ၀ါးမျိုခံရသည်မှာကြာပေရော့မည်။
ကောသမ်္ဗီနှင့်
ဥဇ္ဇေနီ၊ မဂဓနှင့် ဝေသာလီ၊ ကောသလနှင့် မဂဓတိုင်းပြည်ကြီးများသည် သူတို့အချင်းချင်း ဗိုလ်လုစစ်ခင်းနေကြခြင်းကြောင့်လည်း
မိမိတို့တိုင်းပြည်ငယ်လေးများ အချိန်မရွေး ကြားညပ်နိုင်ပေသည်။
တိုင်းပြည်လူဦးရေနည်းသဖြင့်
နန်းတွင်းရှိ မင်းညီမင်းသားတို့မှအစ တိုင်းသူ ပြည်သား အားလုံး အသိပညာ၊ အတတ်ပညာ၊ သတ်္တိဗျတ်္တိ၊
အရည်အချင်း အမြဲတမ်းပြည့်ဝနေမှသာ မိမိတို့နိုင်ငံ၏ အနာဂတ်အ ရေးအတွက် စိတ်အေးဖွယ်ရာရှိပေသည်၊
သားတော် ကြီးသိဒ္ဓတ္ထက သကျရာဇာ၊ ညီတော်နန္ဒမင်းသားက အိမ်ရှေ့ဥပရာဇာ၊ ဘဒ်္ဒိယ, အာနန္ဒာ, မဟာနာမ်,
အနုရုဒ္ဓါ, ကာဠုဒါယီ, ဆန္နသကျမင်းသားတို့က စစ်သေနာပတိ၊ မှူးမတ်အခြွေအရံအသိုက်အ၀န်းအဖြစ်
ဝန်းရံပြီး အားကြိုးမာန်တက် တက်ညီလက်ညီ ကြိုးစားကြလျှင် မိမိတို့သကျနိုင်ငံသည် ကမ္ဘာတည်သရွေ့
ထာဝစဉ် တည်တံ့နေမည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်ယူရပေမည်။
မိမိလက်ထက်တွင်
မိမိတိုင်းပြည်နှင့် သကျမျိုးနွယ် မကွယ်ပျောက်ရေး၊ နိုင်ငံကြီးများ၏ ၀ါးမျိုမခံရရေးအတွက်
အမြဲတမ်း သတိ,၀ီရိယ ကြီးမားစွာဖြင့်ကြိုးပမ်းအားထုတ်နေရသကဲ့သို့ သားတော်မြေးတော်တို့လက်ထက်တွင်လည်း
အမြဲတမ်းနိုးကြားတက်ကြွစွာ ကြိုးပမ်းအားထုတ် နေမှသာ မိမိတို့နိုင်ငံနှင့် မျိုးနွယ်ရေရှည်တည်တံ့မည်ဖြစ်၍
သားတော် တူတော်တို့ကို အမြဲတမ်း သတိပေးနေရသည်။
ထို့ပြင်
တိုင်းပြည်ငယ်အချင်းချင်း စုစည်းညီညွတ်မှသာ အင်အားရှိနိုင်သဖြင့် ယောက်ဖတော် သုပ္ပဗုဒ္ဓ၏သမီး
ယသော်ဓရာနှင့် သားတော်ကြီးကို လက်ဆက်ပေးကာ အိမ်နီးချင်း ကောလိယနိုင်ငံနှင့် ရွှေလမ်း
ငွေလမ်းဖောက်၍ ခိုင်မြဲသောမဟာမိတ်အဖြစ် စုစည်းထားခဲ့ရသည်။
ယောက်ဖတော်သုပ္ပဗုဒ္ဓနှင့်
သူ၏သား ဒေ၀ဒတ်တို့ကြောင့် တစ်ခါတစ်ရံ အဆင်မပြေမှု အဖုအထစ်လေးများရှိသော်လည်း ဘိုးဘွားအစဉ်အဆက်ကတည်းက
တော်စပ်လာသော ဆွေတော်မျိုးတော်တို့ဖြစ်ခြင်းကြောင့် နှစ်နိုင်ငံအင်အားတောင့်တင်းရေးအတွက်
အကြီးပီပီ နားလည်ပေးရသည်။
သကျမျိုးနွယ်နှင့် ကောလိယအမျိုးနွယ်တို့သာ
စုစည်းညီညွတ်စွာ ရှိကြမည်ဆိုလျှင် ပိုမိုတောင့်တင်းကာ မည်သည့်နိုင်ငံကြီးများ၏ လွှမ်းမိုးမှုမဆို
ကြံ့ကြံ့ခံနိုင်ရည် ရှိပေမည်။
ယခုအခါ
ချွေးမတော် ယသော်ဓရာ၏ ၀မ်းကြာတိုက်၌ မြေးတော်လေးပါ လွယ်ထားရပြီဖြစ်ရကား သားတော်, မြေးတော်,
တူတော်တို့နှင့် သိုက်သိုက်ဝန်းဝန်းဖြင့် နှစ်နိုင်ငံ မျိုးနွယ်စုအရေး ၀မ်းသာအားတတ်ဖွယ်ရာ
တွေ့နေရပြီဖြစ်ပေသည်။
တစ်ခါတစ်ရံမူ
သားတော်ကြီးသိဒ္ဓတ္ထအတွက် ရင်လေးရသည်၊ မင်းမျိုးမင်းလွင်ပီပီ မောင်းမမိဿံအခြွေအရံပြည့်စုံစွာဖြင့်
ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနေရမည့်အစား ““ခမည်းတော်... သားတော်၏ မယ်တော်ကဲ့သို့
လူတွေဟာ ဘာကြောင့် အိုရသလဲ, ဘာကြောင့် နာရသလဲ, ဘာကြောင့် သေရသလဲ”” စတဲ့ စကားထူးစကားဆန်းတွေမေးပြီး တွေဝေငေးမော တွေးတောကြံစည်နေတာကို
တွေ့ရတတ်သည်၊ သူ့မယ်တော် ငယ်ရွယ်စဉ်မှာ ကံကုန်သွားလို့ စိတ် ဒဏ်ရာဒဏ်ချက်များ ရရှိလေသလားမသိ။
လူဆိုတာ
မွေးလာလျှင် အို, နာ, သေမှာပဲ၊ သတ္တ၀ါတို့ရဲ့ သဘာဝနိယာမတရားတွေမို့ ဘာထူးဆန်းတာမှတ်လို့၊
အို, နာ, သေဆိုတာ ဘာသာ ရေးဆိုင်ရာ ရသေ့ရဟန်းတို့နဲ့ဆိုင်တဲ့ တရားတွေပဲ။
မိမိတို့
လောကီလူသားတွေက ဒါတွေ တွေးတောစိတ်ကူးနေလျှင် မိမိတို့ လောကီကိစ္စတွေပဲ ဆုံးရှုံးမှာပေါ့၊
တိုင်းရေး ပြည်ရေး လူမှုရေး စီးပွားရေး ကြီးပွားရေးကိစ္စတွေပဲ လစ်ဟင်းမှာပေါ့။
မအို,
မနာ, မသေမီမှာ တိုင်းပြည်နှင့် မျိုးနွယ်အတွက် အားကြိုးမာန်တက် စိတ်ဝင်တစား ဆောင်ရွက်ခြင်းကသာ
မင်းညီမင်းသားတစ်ဦးရဲ့ တာဝန် မဟုတ်လား၊ တိုင်းပြည့်နှင့် မျိုးနွယ် အတွက် ပေးဆပ်ဆောင်ရွက်ရင်း
သေသွားတော့ကော ဘာဝမ်းနည်း စရာရှိသလဲ၊ သေတစ်နေ့ မွေးတစ်နေ့ပေါ့။
လူသားဖြစ်လျှင်
လူသားပီပီ လူလိုကျင့်ရသည်၊ ရသေ့ရဟန်းလို မကျင့်ရ၊ လူသားဖြစ်ပြီး ရသေ့ရဟန်းလိုကျင့်လျှင်
လူသားတာဝန်မကျေ၊ တိုင်းပြည်နှင့်မျိုးနွယ်အတွက် တာဝန်မကျေ၊ ရသေ့ရဟန်းတွေက သူတို့အလုပ်
လုပ်နေသလိုပဲ မိမိတို့ လူသားတွေကလဲ လူသားအလုပ် တာဝန်ကျေအောင် ရွက်ဆောင်မှ နိုင်ငံနှင့်မျိုးနွယ်အတွက်
လူပီသသူတစ်ဦး ဖြစ်မယ် စသည်ဖြင့် မောနေအောင် ပြောရသည်။
သားတော်အငယ်
နန္ဒတို့နှင့်များ အများကြီးကွာ ခြားသည်၊ သားတော်ကြီးနှင့် သားတော် ငယ်တို့ကို လူချင်းလဲလို့ရလျှင်
ကောင်းမည်၊ ဒါပေမယ့် ချွေးမတော်မှ သားရတနာလေးဖွား လာလျှင်တော့ သားတော်ကြီးစိတ်ပြောင်းချင်
ပြောင်းသွားနိုင်သည်။
မိမိ မိသားစုအတွက်
တိုင်းပြည်နှင့်မျိုးနွယ်အတွက်အားကြိုးမာန်တက် ဆောင်ရွက်လို စိတ်တွေ ဖြစ်ပေါ်လာပါစေဟုပဲ
ဆုတောင်းနေရသည်။
ထိုကဲ့သို့
သားတော်ကြီး စိတ်ပြောင်းပြီး လောကီရေးအတွက် အစွမ်းကုန် ကြိုးပမ်းလာမည်၊ သားတော်အငယ်နှင့်
တူတော်တို့ကပါ ၀ိုင်းဝန်းကြိုးပမ်းကြမည်ဆိုလျှင် မိမိတို့ သကျနိုင်ငံတော် နှင့်သကျမျိုးနွယ်တို့
အထက်တန်းကျကျ လေးစားခံ့ညားသည့်အဆင့်သို့ ရောက်လျှင် တိုင်းပြည်အနာဂတ်အတွက် ယုံကြည်
စိတ်ချစွာ စိတ်ချမ်းသာစွာဖြင့် မျက်စိမှိတ်နိုင်ပေလိမ့် မည်။
အခန်း(၂)
မဟာသက်္ကရာဇ်
၉၇-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့၊
ဤနေ့သည်ကား
သက္ကတိုင်း တစ်နိုင်ငံလုံးနှင့် သကျမျိုးနွယ်စု ကောလိယ မျိုးနွယ်စုတို့အားလုံး ၀မ်းနည်းငိုကျွေးကြရသောနေ့၊
ကပိလ၀တ်မြို့ နန်းတွင်းနန်းပြင်မကျန် အားလုံးဆူညံ, ပွက်လောရိုက်ကာ ကမ္ဘာပျက်သောနေ့ပင်။
စစ်သည်တော်၊ လေးသည်တော်၊ မြင်းသည်တော်တို့ ပျားပန်းခပ်မျှ လူးလာတုန့်ခေါက် ပြေးသွားစုံစမ်းနေရကြသည်။
နန်းတွင်းနန်းပြင်
အကြိုအကြား, တောအုပ်, လယ်ကွင်းမကျန် ကပိလ၀တ်တစ်ပြည်လုံး နေရာ အနှံ့အပြား ပြေးလွှားရှာဖွေနေကြသည်။
အကြောင်းကား...
တစ်နိုင်ငံလုံး
တစ်မျိုးနွယ်လုံး၏ အားထားရာ သိဒ္ဓတ္ထမင်းသား တောထွက်ရဟန်းပြုသွားခြင်းကြောင့်ပင်၊ ၀ါဆိုလပြည့်နေ့ည
သန်းခေါင်ယံအချိန်တွင် ငယ် ကျွန်တော် ဆန္နနှင့်အတူ ထွက်ခွာသွားခဲ့ရာ လပြည့်ကျော်(၁)ရက်နေ့
နံနက်အချိန်ရောက်မှပင် သိဒ္ဓတ္ထမင်းသား မရှိတော့မှန်း သိကြရသည်။
နိုင်ငံအနှံ့
လှည့်လည်ရှာဖွေကြသော်လည်း မတွေ့ကြရတော့ဘဲ ရက်အနည်းငယ် အတွင်းမှာပင် သက္ကတိုင်းနယ်ပယ်ကိုကျော်၍
ဗိမ်္ဗိသာရမင်းအုပ်ချုပ်ရာ အင်္ဂတိုင်း၊ မဂဓတိုင်း နယ်ပယ်အတွင်းသို့ ရောက်ရှိ သွားသည်ကို
သိကြရသည်၊ ဆွေးမျိုးတို့၏ အန္တရာယ် ကင်းဝေးစွာဖြင့် ဓမ္မခရီးကို ဖြောင့်ဖြောင့်တန်းတန်း
လျှောက်လှမ်းနိုင်ဖို့အတွက် ဆွေမျိုးတို့ လက်လှမ်း မမီရာ နယ်ခြားပယ်ခြား ဒေသခြားသို့
သွားရောက် ခဲ့ပြီ။
ဖခင်သုဒ္ဓေါဓနမင်းနှင့်တကွ
တိုင်းသူပြည်သားတို့အမြင့်ဆုံးရည်မှန်းချက်ကား...
မိမိတိုင်းပြည်နှင့် မိမိမျိုးနွယ်စု
တိုးတတ်မြင့်မားရေး၊
သိဒ္ဓတ္ထမင်းသား၏
ရည်မှန်းချက်ကား...
လူသားအားလုံး
အတွေးအမြင် မှန်ကန်ရေးနှင့် လူသားအားလုံး စစ်မှန်သောငြိမ်းချမ်းမှု ရရှိရေးဖြစ်၍
သုဒ္ဓေါဓနမင်းအမြင်က...
မိမိနိုင်ငံ
မိမိမျိုးနွယ်စု တိုးတက်အောင် ဆောင်ရွက်ရေးသာ ပဓာန၊ အခြားအရေးက အပဓာန၊
သိဒ္ဓတ္ထမင်းသားအမြင်ကား...
မျိုးနွယ်အတွက်
တစ်ဦးတစ်ယောက်က အနစ်နာခံ စွန့်လွှတ်ဆောင်ရွက်ရမည်။
ဂါမ(ရပ်ရွာ
နယ်ပယ်)အတွက် မျိုးနွယ်စုက စွန့်လွတ် အနစ်နာခံရမည်။
ဇနပဒ(ဒေသကြီး)တစ်ခုလုံးအတွက်
ဂါမက စွန့်လွှတ်ပေးဆပ်ရမည်။
အမှန်တရားဓမ္မအတွက်
လူသားအားလုံးအတွက်မူကား တစ်ဦးတစ်ယောက်မှအစ မျိုးနွယ်စု, ဂါမ, ဇနပဒ, နိုင်ငံပါမကျန် စွန့်လွှတ်ပေးဆပ် အနစ်နာခံရမည်။
သတ်္တိဗျတ်္တိ,
စွမ်းရည်အင်အားပြည့်ဝသူသည် မိမိမျိုးနွယ်စုအတွက် အမြင်ကျဉ်းစွာဖြင့် ဘောင်ခတ်မထားသင့်၊
လောကလူသားအားလုံး အမှန်တရားတွေ့ရှိရေး, စစ်မှန်သော ငြိမ်းချမ်းမှုရရှိရေးအတွက် အမြင်ကျယ်စွာ
မိမိတစ်ကိုယ်တော်မှအစ အားလုံးကို စွန့် လွှတ်ကာ ရှေ့ဆောင်လမ်းပြဖြစ်ရမည်။
အိုနာသေရေး
ဒုက္ခဘေးတို့ ၀န်းရံနေသော ချမ်းသာသည် ချမ်းသာအစစ်မဟုတ်သေး၊ အိုနာသေ ကင်းရာ ချမ်းသာသည်သာ
ချမ်းသာအစစ် ဖြစ်ပေသည်။
လောကစည်းစိမ်,
ရုပ်ဆင်းအင်္ဂါ, အတတ်ပညာ အသိပညာ, သြဇာအာဏာအရပ်ရပ်ကား ရေပွက်ပမာ တစ်သက်လျာမျှဖြစ်၍ ရေရှည်မခံ၊
နောက်ဆုံးမှာကား အိုနာသေတွင်သာ လမ်းဆုံးရမည်၊ ဒီဘ၀ပြီးလျှင်ကော နောက်ဘ၀မှာလည်း အိုနာသေ၊
ဘယ်တော့မှ ဆုံးမည်မဟုတ်။
လောကီစည်းစိမ်ကား
သတ္တ၀ါတို့ စားဝတ်နေရေးအတွက် မရှိမဖြစ် လိုအပ်သည်ဖြစ်၍ မှန်သည်ထင်ရသောအရာ ဖြစ်ပေငြား
ဘယ်တော့မှ ပြည့်စုံသည်မရှိ၊ အမြဲတမ်းလိုအပ်နေသော ချမ်းသာ၊ ပူပန်မှု သောကတို့နှင့် ထွေးပွေ့ထားရသော
ချမ်းသာ၊ အရာရာပြည့်စုံ၍ ချမ်းသာသည် ထင်နေစဉ် ရောဂါအမျိုးမျိုးနှိပ်စက်ခံရသော် ကယ်ဆယ်မည့်သူမရှိ၊
လက်မြှောက်အရှုံးပေးရသည့် ချမ်းသာဖြစ်၍ တဒင်္ဂအမှန်တရား၊
အိုနာသေ
စက်ရဟတ် ပြတ်စဲရာချမ်းသာသည် သာ ထာဝရချမ်းသာ၊ ထာဝရအမှန်တရား၊
ထိုထာဝရချမ်းသာ
ထာဝရအမှန်တရား ရရှိသူမှသာလျှင် ပူပန်မှုငြိမ်းအေးကာ ထာဝရငြိမ်းအေးသူ ဖြစ်နိုင်ပေမည်ဟူသောအမြင်
အတွေးအခေါ် ဒဿန ဖြစ်ရာ ဤအမြင် ဒဿန နှစ်ခုကပင် သုဒ္ဓေါဓနမင်းနှင့် သိဒ္ဓတ္ထမင်းသားတို့ကို
နှစ်ပက္ခ ကတ္တားခြားပေးကာ နှစ်ဦးသားတို့ကို ဆန့်ကျင်ဘက်တူရူအရပ်ဆီသို့အသီးသီး လျှောက်လှမ်းစေခဲ့သည်။
တစ်ဦးက လောကီချမ်းသာ၊ မိမိနိုင်ငံနှင့်မိမိတို့
သကျမျိုးနွယ်စု အထက်တန်းကျ ရေး။ တစ်ဦးက လောကလူသားတို့ ထာဝရအမှန်တရား ရရှိကာ ငြိမ်းချမ်းသာယာရေး၊
(၀ါ)လောကုတ္တရာ ရေး။
အခန်း(၃)
မဟာသက်္ကရာဇ်
၁၀၄-ခုနှစ်၊ ကဆုန်လပြည့်နေ့။
သက္ကတိုင်း၊
ကပိလ၀တ်နေပြည်တော်ရှိ သကျမျိုး နွယ်စုအားလုံး နိုးကြားတက်ကြွ လှုပ်ရှားကြသောနေ့၊
လမ်းမကြီးဘေး
ဝဲယာတစ်လျောက် ငှက်ပျော ပင်, တံခွန်ကုက္ကား, ရာဇမတ်ကာလျက် သိဒ္ဓတ္ထမင်းသားတစ်ဖြစ်လဲ ဂေါတမဗုဒ္ဓ
နောက်ပါရဟန်းတော်တို့နှင့် မွေးဇာတိဖြစ်သော ကပိလ၀တ်သို့ ကြွချီ လာသည်ကို ကြိုဆိုကြသောနေ့၊
မိမိတို့
သကျမျိုးနွယ်မှ ထိုက်တန်စွာ ဘာသာရေးခေါင်းဆောင်တစ်ဦး ပေါ်ထွန်းလာပြီး ပသေနဒိကောသလ၊
ဗိမ်္ဗိသာရစသော ခေါင်းဆောင်များအပါအ၀င် အင်အားကြီးတိုင်းများကပါ ကြည်ညိုကိုးကွယ်ခံလျက်
ကမ္ဘာသူ ကမ္ဘာသားတို့အတွက် သစ္စာအလင်းရောင် ထွန်းညှိကာ လူသားတို့ကို အမှန်တရား ငြိမ်းချမ်မှု
အစစ်အမှန်ရရှိအောင် လမ်းပြပို့ဆောင်နိုင်သူတစ်ဦး အဖြစ် ဇာတိမြေသို့ ခြေချလာသူအား ၀ိုင်းဝန်းကြိုဆို
ကြသောနေ့၊
သကျမျိုးနွယ်စုအားလုံး
ဝိုင်းဝန်းကြိုဆိုကာ နန်းတော်အတွင်းသို့ ပင့်ဆောင်ခဲ့ကြသည်၊ သုဒ္ဓေါဓနမင်းကြီး မိထွေးတော်ဂေါတမီအပါအ၀င်
ဆွေတော်မျိုးတော်တို့နှင့် အလ္လာပသလ္လာပ စကား မိန့်ကြားတော်မူပြီးနောက် ပေါက္ခရ၀ဿဇာတ်၊
ဝေဿန္တရာဇာတ်အစရှိသော ဇာတ်တော် တို့ကို ဟောကြားပြီး အနှစ်သစ္စာလေးပါးကို ဟောကြားတော်မူရာ
ဆွေတော်မျိုးတော် အများစု အမှန်တရားကို ထိုးထွင်းသိမြင်ကြရသည်။
နှမတော်ကျေးဇူး
မောင်တော့်အပေါ်မှာရှိလျှင် မောင်တော်ကသာ နှမတော်ရှိရာကို လာရမည်၊ နှမတော်က မောင်တော့်အထံ
သွားစရာမလိုဟူသော ခံယူချက်ဖြင့် အဆောင်တွင်း၌ပင် စံမြန်းနေသော ယသော်ဓရာရှိရာအရပ်သို့
နှမတော်၏မာန သောက ပရိဒေ၀ တို့အပေါ် နားလည်မှုရှိစွာဖြင့် ကြွတော်မူခဲ့ပြီး ယသောဓရာ၏ ဂုဏ်ကျေးဇူးကို
ဖော်ကျူးသည့် စန္ဒကိန္နရီ ဇာတ်တော်ကို ဟောကြားလျက် နှမတော်၏ နှလုံးစိတ်ဝမ်း အေးချမ်းစေတော်မူခဲ့သည်။
ထို့နောက်
ရက်များမကြာမီ သကျမျိုးနွယ်နှင့် ကောလိယမျိုးနွယ်တို့ အစည်းအဝေး ထိုင်ကြပြီး ဆွေးနွေးကြသည်၊
အစည်းအဝေး၌ သုဒ္ဓေါဓနမင်းပြီး လျှင် သားတော်အကြီးဆုံး ဖြစ်သော မဟာနာမ်က ဦးဆောင်ဆွေးနွေးသည်။
မိမိတို့သကျနှင့်
ကောလိယမျိုးနွယ်စုတို့၏ ရင်နှစ်သီးခြာ ရတနာတစ်ပါးဖြစ်သော သိဒ္ဓတ္ထမင်းသား အမှန်တရားရှာဖွေရာ၌
အမှန်တရားကို သိမြင်ပြီး ဓမ္မခေါင်းဆောင်တစ်ဦး ဖြစ်သွားခဲ့ပြီ၊ လောကီနိုင်ငံခေါင်းဆောင်ဖြစ်လျှင်
မိမိတို့ မျိုးနွယ်စုများမှ ၀ိုင်းဝန်းပံ့ပိုး ကြရမည်ဖြစ်သကဲ့သို့ ယခုကဲ့သို့ အမှန်လမ်းပြ
ဘာသာရေးခေါင်းဆောင် ဖြစ်သွားပြန်တော့လဲ ၀ိုင်းဝန်း ပံ့ပိုးကြရမည့် တာဝန်ဝတ္တရားရှိသည်၊
မိမိတို့ ဆွေတော်မျိုးတော်တို့က ဓမ္မအတွင်းစည်းမှ ၀ိုင်းဝန်းကူညီ ပံ့ပိုးကြမှသာ ဗုဒ္ဓ၏
ဓမ္မသာသနာအဖွဲ့အစည်း ရေရှည် တည်တံ့မည်၊ ဗုဒ္ဓ၏နိုင်ငံတော် အင်အားကြီးမားရေး အတွက် သကျမျိုးနွယ်စုနှင့်
ကောလိယမျိုးနွယ်စုတို့မှ တစ်အိမ်ထောင်လျှင် အမျိုးသားတစ်ဦးနှုန်းဖြင့် ၀ိုင်းဝန်း ခြံရံကြမည်၊
ဓမ္မနိုင်ငံတော် အင်အားကြီးမားရေးအတွက် သကျနိုင်ငံ ကောလိယနိုင်ငံတို့က စွန့်လွှတ် အနစ်နာခံကြမည်
စသည်ဖြင့် ဆွေးနွေးကြရာ နိုင်ငံရေး မျိုးနွယ်စုအရေး ဦးစားပေးလိုသော ကန့်ကွက်သူ အနည်းငယ်ရှိငြားသော်လည်း
အများသဘောတူ ဆုံးဖြတ်ချက်ဖြင့် အတည်ဖြစ်ခဲ့သည်။
မကြာမီပင်
နန္ဒမင်းသား ရာဟုလာမင်းသားတို့ကိုလည်း ဓမ္မနိုင်ငံတော်အတွင်းသို့ ဆွဲသွင်းခံခဲ့ရသည်၊
အာနန္ဒာ၊ အနုရုဒ္ဓါ၊ ဒေ၀ဒတ္တစသည်တို့သည်လည်း သာသနာတော်အတွင်းသို့ ၀င်ရောက် သွားခဲ့ကြရာ
သကျမျိုးနွယ်စုနှင့် ကောလိယမျိုးနွယ်စုတို့ အင်အား နည်းသွားပြီး မဟာနာမ်စသော သက်ကြီးရွယ်အိုတို့သာ
ကျန်ရစ်ခဲ့ကြတော့သည်။
ခမည်းတော်
သုဒ္ဓေါဓနမင်းသည် နိုင်ငံရေး မျိုး နွယ်စုအရေးကို အကြောင်းပြုလျက် သားတော်နှင့်ဆန့်ကျင်ဘက်
ဖြစ်ခဲ့ငြားသော်လည်း နောက်ဆုံး သားတော်ဟောကြားသည့် ထာဝရသစ္စာ ထာဝရအမှန်တရား ထာဝရငြိမ်းချမ်းမှုကိုရရှိကာ
ငြိမ်းချမ်းစွာဖြင့် ဘ၀နိဂုံး ချုပ်ငြိမ်းသွားခဲ့ရသည်။
သုဒ္ဓေါဓနမင်း
မျက်ကွယ်ပြုသွားပြီးနောက် မိထွေးတော်ဂေါတမီ, ယသော်ဓရာ, ဇနပဒကလျာဏီ စသော မိသားစုဝင်
မျိုးနွယ်စုဝင် အမျိုးသမီးများပါ လောကီအရေးကိုပစ်ပယ်၍ ဓမ္မအရေးအတွက် သာသနာ့ဘောင်သို့
ခိုဝင်ခဲ့ကြသည်။
လောကီနိုင်ငံရေး
မျိုးနွယ်စုအရေးတို့ အင်အား ယုတ်လျော့သွားသော်လည်း ဓမ္မအရေးမှာ အင်အား ပြည့်စုံသွားသဖြင့်
ဝမ်းနည်းဖွယ်ရာမရှိပေ။
သကျမျိုးနွယ်ထဲမှ
အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ၊အရှင်ကာဠုဒါယီ၊ အရှင်ရာဟုလာစသည်တို့နှင့် ကောလိယမျိုးနွယ်ထဲမှ
အရှင်သီဝလိစသည်တို့သည် သာသနာတော်ဆိုင်ရာ ဧတဒဂ်ဘွဲ့ရ ရဟန်းတော်များအဖြစ်သတ်္တိဗျတ်္တိပြည့်ဝစွာဖြင့်
သာသနာအတွင်းစည်းကို ခိုင်ခံ့စေခဲ့ကြသည်၊ မိထွေးတော်ဂေါတမီ ယသော်ဓရာ စသည့် သကျအမျိုးသမီးများကလည်း
ဘိက္ခုနီသာသနာ ကျယ်ပြန့်စေရေးအတွက် စွန့်လွှတ်အနစ်နာခံကာဆောင်ရွက်ခဲ့ကြသည်။
အမျိုးသားရဟန်းတော်များနှင့်
နှိုင်းယှဉ်လျှင် အမျိုးသမီး ဘိက္ခုနီရဟန်းမများ၏ စားဝတ်နေရေးက ပိုမိုကျပ်တည်းဆင်းရဲကြသည်၊
ကပိလ၀တ်မြို့မှာဆိုလျှင် ဆွေးကြီးမျိုးကြီးများပီပီ အားလုံးအရေးပေးခံရသူများဖြစ်သော်လည်း
ရာဇဂြိုဟ် သာဝတ်္ထိစသော နိုင်ငံရပ်ခြားမှာတော့ သာမန်အညတရဘ၀ဖြင့် ပင်ပန်းဆင်းရဲစွာ သာသနာပြုကြသည်။
ရာဟုလာမယ်တော်
ယသော်ဓရာထေရီဆိုလျှင် နိုင်ငံရပ်ခြားမှာ အစားအသောက်, အနေအထိုင် ဆင်းရဲစွာ နေထိုင်ရမှုကြောင့်
အစာအိမ်ရောဂါ, လေနာ ရောဂါရရှိကာ မနေနိုင်မထိုင်နိုင်သည်အထိ ရောဂါ ဝေဒနာဒဏ် ခံစားခဲ့ရသည်။
ကပိလ၀တ်မှာဆိုလျှင်တော့
ဆေးဝါးအရန်သင့်,ဓာတ်စာအရန်သင့်ဖြင့် ဘောဇနသပ္ပါယမျှတ၍ ရောဂါဝေဒနာဒဏ် ကြာရှည်မခံစားရ၊
သာဝတ်္ထိမြို့မှာတောဂေါတမဗုဒ္ဓနှင့် ရာဟုလာ၊ နန္ဒ၊ အာနန္ဒာစသည်တို့က အခြားတစ်နေရာ ဂေါတမီနှင့်ယသော်ဓရာတို့
အမျိုး သမီးများက အခြားတစ်နေရာစီဖြစ်၍ အမျိုးသမီး ဘိက္ခုနီများ မပြည့်မစုံဖြင့် ဆင်းရဲစွာ
ဓမ္မနိုင်ငံအတွက်ပေးဆပ်ခဲ့ကြရသည်။
နောင်သောအခါ
ရှင်ရာဟုလာ၏ဥပဇ္ဈာယ်ဆရာအရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး သိသွားသဖြင့် ကောသလမင်းနန်းတော်သို့ကြွရောက်၍
သရက်သီး အလှူခံကာ သရက်ဖျော်ရည် စီစဉ်ပေးပြီး လေနာရောဂါ ဝေဒနာကို သက်သာစေတော်မူခဲ့သည်။
ဤသို့လျှင်
သကျမျိုးနွယ်စု ကောလိယမျိုးနွယ်စုတို့သည် ဓမ္မအင်အား ဓမ္မနိုင်ငံတော် တောင့်တင်းခိုင်ခံ့စေရေးအတွက်
ဝိုင်းဝန်းပေးဆပ်အနစ်နာခံ့ခဲ့ကြသည်၊ သကျနိုင်ငံနဲ့ သကျမျိုးနွယ်စု ကောလိယမျိုးနွယ်စုတို့သည်ကား
ထက်ထက်မြက်မြက် လူငယ်မျိုးဆက်သစ် များ သာသနာတော်အတွင်းသို့ ၀င်ရောက်သွားကြသဖြင့် နိုင်ငံနှင့်မျိုးနွယ်စုအင်အား
အကြီးအကျယ် ယုတ်လျော့သွားကြတော့သည်။
ထို့နောက်
များမကြာမီပင် ပသေနဒိကောသလမင်းကြီးနှင့် မဟာနာမ်၏ အိမ်စေ အမျိုးသမီးမှ ပေါက်ဖွားသည့်
ဝိဋဋူဘမင်းသား၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သကျနိုင်ငံနှင့်သကျမျိုးနွယ်စုတို့သည် လုံးဝဥဿုံနည်းပါး
ပျောက်ကွယ်သွားခဲ့ရသည်။
သိဒ္ဓတ္ထမင်းသား
နန္ဒမင်းသား ရာဟုလာတို့သာ ဓမ္မအရေး ဦးစားမပေးဘဲ လောကီနိုင်ငံရေးကို ဦးစားပေးခဲ့ကြလျှင်
ကမ္ဘာမြေပေါ်မှာ ၀င့်ကြွားထည်ဝါနေမည့် သကျနိုင်ငံတော်နှင့် သကျလူမျိုးသည် မြေပေါ်မှကွယ်ပျောက်သွားရသည်အထိ
ဆုံးရှုံးသွားခဲ့မည် မဟုတ်ပေ။
သို့ရာတွင်
နိုင်ငံနှင့်လူမျိုး ဆုံးရှုံးသွားသော်လည်း ထာဝရသစ္စာထာဝရချမ်းသာကို အလင်းဆောင် လမ်းပြပေးနေမည့်
ဗုဒ္ဓ၏ ဓမ္မနိုင်ငံတော်သည်ကား မဇ္ဈိမဒေသမှ အစပြု၍ တစ်ကမ္ဘာလုံး ပျံ့နှံ့ကျယ်ပြန့်သွားသည့်အပြင်
နှစ်ထောင်ပေါင်းများစွာ တည်တံ့ကာ သတ္တ၀ါတို့၏ ချမ်းသာစစ် ချမ်းသာမှန်ကို အစဉ်အမြဲ လမ်းညွှန်ပြလျက်
ရှိပေသည်။
သကျနိုင်ငံတော်နှင့်
သကျမျိုးနွယ်တို့မှ စွန့်လွှတ်အနစ်နာခံကာ ပေးဆပ်အပ်သော ချမ်းသာအစစ်အမှန် သည်ကား ကမ္ဘာဆုံးသည်အထိ
ထာဝစဉ် တည်တံ့နေမည်ဖြစ်ပေသည်။
ရယူမှုမှန်သမျှသည်
စွန့်လွှတ်မှု၌ အဆုံးသတ်ရသည်၊ စွန့်လွှတ်မှုမှန်သမျှသည် ပြည့်စုံအောင်မြင် ချမ်းသာမှု၌ အဆုံးသတ်ရသည်။
ဤသည်ပင်
သကျနိုင်ငံနှင့် သကျလူမျိုးတို့ ကမ္ဘာသူ ကမ္ဘာသား
အားလုံးအတွက် အရာရာအားလုံးကို စွန့်လွှတ်မှု ပေးဆပ်ခြင်း၏အကျိုးကျေးဇူးပေတကား။
ရည်ညွှန်းချက်
မဟာဂန္ဓာရုံ
ဘာသာဋီကာဆရာတော် လွန်တော်မူပြီးသည်မှ စ၍ မိမိကိုယ်ကို အုပ်စု စိတ်ဓာတ် ဂဏစိတ်ဓာတ်ဖြင့်
နှောင်ဖွဲ့ဘောင်ခတ်မထားဘဲ မဟာဂန္ဓာရုံကျောင်း တိုက်ကြီးတစ်ခုလုံး သံဃာတော်အားလုံး၏ စားဝတ်နေရေး
ပညာရေး အားလုံးအတွက် မိမိ၏ ကျန်းမာရေးကို လျစ်လျူရှုကာ (အားလုံးအတွက် အားလုံးကို စွန့်လွှတ်အနစ်နာခံ
ပေးဆပ်တော်မူသော) ဆရာတော်၏ သက်တော်(၈၀)ပြည့်မွေးနေ့ကို ရည်ညွှန်း ပူဇော်ပါသည်။
တပည့်-ကေသရာဘိဝံသ
အောင်ချမ်းသာပရိယတ်္တိစာသင်တိုက်
မန္တလေးမြို့
(၂၇-၈-၁၂)တနင်္လာနေ့
No comments:
Post a Comment