"ခေမာ"
ချည်နှောင်ထားတဲ့ကြိုးတစ်စ
သမုဒယတဲ့လား .. ခေမာ။
ရုန်းထွက်မရတာ သေချာသယောင်
အနတ္တကို ပုန်းရှောင်ခဲ့သူ ..ခေမာ။
ဖူးငုံပွင့်လျှမ်း
မာနနဲ့ လန်းဆန်းခဲ့တဲ့ .. ခေမာ။
ထားခဲ့ပါ .. ခေမာ။
အတ္တသစ်သီးကို ကိုက်ချီထားတဲ့
ကိလေသာငှက်တစ်ကောင်အတွက်
သံသရာစက်မှာ လည်ပတ်ပျံသန်း
မောပန်းရလိမ့်မယ် .. ခေမာ။
ပန်းမှန်သမျှ ပွင့်ဆဲခဏ လှကြတယ်။
လူမှန်သမျှ ရှင်ဆဲခဏ ပျော်ကြတယ်။
ပန်းတစ်ပွင့်လည်း ပွင့်ပြီးတဲ့နောက် .. ကြွေရတယ်။
လူတစ်ယောက်လည်း ရှင်ပြီးတဲ့နောက် ... သေရတယ်။
တုန်လှုပ်ခဲ့လေသလား .. ခေမာ။
အသိဥာဏ်ရဲ့အောက်
အလှတရားတွေ ပြားပြားမှောက်ခဲ့တဲ့အခါ
နောင်တဆိုတာ .. အသုံးတည့်ရင်
အရောင်လှတဲ့ မှန်လေးတစ်ချပ်ပါ ..ခေမာ။
အို နာ သေဘေး
ပြေးလို့ မလွတ် ဥာဏ်နဲ့ညွှတ်ရင်း
သုံးလူ့ရှင်ရဲ့ မြတ်တရားကို
နာကြား မြင်တွေ့ ..
စိတ်ချမ်းမြေ့ရပြီလား .. ခေမာ။
လွတ်မြောက်ခြင်းနဲ့ .. ခေမာ။
ငြိမ်းချမ်းခြင်းနဲ့ ..ခေမာ။
အဆုံးသတ်မှာ
ဥာဏ်ပညာဖုံးတဲ့ အေးမြခြင်းအပြုံး
အကြည်ညိုဆုံးပါ .. အရှင်မခေမာ ...။ ။
နန်းအသင်္ခယာ
(ဗုဒ္ဓစာပေတွေ ဖတ်မိတိုင်း ကျမအလွန်ကြည်ညိုလေးစားမိတဲ့ ဧတဒဂ်ရ
ဘိက္ခူနီ အရှင်မနှစ်ပါးရှိပါတယ်။ အရှင်မ ခေမာနဲ့ အရှင်မ ဥပ္ပလ၀ဏ်ပါ။
အရှင်မ ခေမာရဲ့ ၀တ္တုကို ဖတ်မိတိုင်း သူ့ပုံရိပ်လေးတွေကို အာရုံမှာ မြင်
လာမိတဲ့အထိ ကျမက ကြည်ညိုမိပါတယ်။ ဒါကြောင့် ကျမစိတ်ကို ညွှတ်
ပျောင်းစေပြီး၊ လက်အုပ်ချီမိစေတဲ့ အရှင်မ ခေမာရဲ့အကြောင်းလေးကို
ကျမ ဥာဏ်မီသလောက် ကဗျာလေး ရေးမိတာပါ။ အမှားပါရင် သူတော်
ကောင်းနှလုံးသားနဲ့ ခွင့်လွှတ်နိုင်ကြပါစေ။
ကျမကို ချစ်သူမုန်းသူအပေါင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေ ..။)

No comments:
Post a Comment