ဓမ္မရေးရာ အတွေးစများ၊ ကဗျာများ၊ ကြိုက်နှစ်သက်ရာ မှတ်တမ်းဓာတ်ပုံများ၊ ဖတ်ခဲ့ဖူးသော စာများထဲမှ နှစ်သက်ရာ စာ ကဗျာများနှင့် အတွေးအခေါ်များကို မှတ်တမ်းသဘော မျှဝေ တင်ပြထားပါသည်

Wednesday, August 22, 2012

( သညာသိ )


( သညာသိ )

အသိထဲမှာ သညာ ပညာ
နှစ်ဖြာခွဲထား အလွှာပါးကြောင့်
တရားအစစ် ဥာဏ်မဖြစ်ရှာ
လွန်နစ်နာ၏။

ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာကို
ဖန်ခါခါရှု နာကြားမှုကြောင့်
ဖြစ်မှုလဲပေါ် ပျက်မှုပေါ်ဟု
ကြွေးကြော်နေငြား ဥာဏ်အားမထင်
မှန်သားပြင်ဝယ် ရိပ်သွင်ထင်လာ
ကဲ့ပမာသို့ သေချာစေ့ငု
အသိတုပင် အစစ်ထင်၍
မဂ်တွေ့စကား ခပ်ပါးပါးနှင့်
ခပ်ကြွားကြွားဆို လူဗိုလ်လည်မှာ
သူ ထည်ဝါ၏။

ထည်ဝါသူ့အနား လူအများလည်း
တရားတွေ့လို ဆည်းကပ်လိုသူ
ကြည်ညိုသူများ လွန်ကျော်ကြား၍
များပြားစည်းစိမ် မီးရှိန်ရှိန်တက်
တစ်ချက်သတိ မေ့လိုက်မိချိန်
ခန္ဓာအိမ်မှာ သညာသိပျောက်
မူလရောက်က …
မိုးဦးကျတွင်
သွင်သွင်စီးဖိတ် တစက်မြိတ်အောက်
ပိတ်မှောက်အိုးတွင် မ၀င်မိုးရေ
ဖြစ်ရလေသို့……….။   
                                                သုဝီရ

သံသရာ


သံသရာ
ကိလေသာအပြည့်  ခန္ဓာရှိက
နိဗ္ဗာနစကား လာမကြွားနဲ့
အမှားတွေပုံ ဤလူ့ဘုံဝယ်
အာရုံတစ်ခု လွဲချော်မှုကြောင့်
တစ်ဖြောင့်တည်းလမ်း ခရီးကြမ်းဟာ
ပါယ်လေးရွာသို့ ခါခါပို့၏။
တရားမမှီ မကြည်မလင်
ပုထုဇဉ်မို့ အိပ်ရင်လဲမှောင်
နိုးတော့မှောင်နှင့် အမှောင်သံသရာ
လွတ်ရာမရှိ သောကဖိ၏။
အကောင်းအာရုံ မကပ်တုံကြောင့်
အသိစုံကင်း ဥာဏ်မလင်း၍
မှောင်းခြင်းတရား ခါခါ ပွားမိ
မှောင်သည့်အမှောင် ဥာဉ့်သန်းခေါင်သို့
မြင်အောင်မပြု ကန်းအောင် ပြု၏။
မှောင်အတိကျ ဘာမှမမြင်
ပုထုဇဉ်ဘ၀ ဘုံကလဲရှုပ်
အာရုံရှုပ်ပြန် အခံအ၀ိဇ္ဇာ
ရံ တဏှာကြောင့် ခန္ဓာဗရပွ
ဖန်ခါရ၏။      

                             သုဝီရ

တဏှာတောတန်း


မိမိခပ်ငယ်ငယ်က ရေးခဲ့ဖူးသော
ကဗျာလေးတစ်ပုဒ်နဲ့ မိတ်ဆက်ဖော်ပြလိုက်ပါတယ်။
ဘာသာသွေးမဂ္ဂဇင်းမှာ ပါခဲ့ဖူးတာပါ။

 ``တဏှာတောတန်း``

စိုပြေစိမ်းလန်း
တောတန်းတစ်ခု အမောင်ရူလော။့

စိမ်းသည်နှင့်မျှ ဘယထူပြော
တဏှာတောတန်း မဖြတ်သန်းနှင့်။

တောနဲ့ဝေးရာ ရပ်ဒေသာသို့
တောနဲ့ဝေးအောင် သတိဆောင်၍
အမောင်ချစ်သား
နေ  ထိုင်  သွား လော။
                                      သုဝီရ။

ဝနံ ဆိန္ဒထ မာ ရုက္ခံ -ဆိုတဲ့ ဂါထာလေးကို ကြည့်ပြိးတော့ တွေးမိထားတဲ့အတွေးလေးတွေကို ကဗျာအဖြစ် ပြောင်းလဲ ရေးသားလိုက်တာပါ၊ ၀နံ ဆိန္ဒထ မာ ရုက္ခံ-ဆိုတာ  သစ်ပင်တွေကို မခုတ်လှဲပါနဲ့ မိမိအဇ္ဈတ္တမှာ ဖြစ်နေတဲ့ ကိလေသာတောတွေကိုသာ ခုတ်ထွင်ရှင်းလင်းပြစ်ပါ၊ ဆိုတဲ့ စကားလေးကို ကဗျာသီထားတာပါ။

ပဟာသ၀ဉ္စနာ


ပဟာသ၀ဉ္စနာ

မုဒိတာပတိရူပေန ပဟာသော ၀ဉ္စေတိ၊ ဟူသော နေတ္တိအဋ္ဌကထာ(၉၀)နှင့် အညီ မုဒိတာ ဟန်ဆောင်၍ မြူးတူးရွှင်ပြခြင်း ပဟာသတရား လှည့်ဖြားတတ်သည်။
နှလုံးမြူးတူးခြင်း၊ လောဘမူသောမနဿ ပဟာသတရားကို မုဒိတာဗြဟ္မ၀ိဟာရတရား မှတ်တတ်သည်၊
ပဟာသကား သူတပါးချမ်းသာ၌ သာယာခြင်း အဿာဒလက္ခဏာရှိသည်၊ မုဒိတာကား သူတပါးချမ်းသာ၌ မငြူစူခြင်းကြည်သာခြင်း လက္ခဏာရှိသည်၊
ပဟာသကား ပူပန်ခြင်း ကိလေသာသဘောနှင့်တကွ နှလုံးမြူးတူးခြင်းကိစ္စရှိသည်၊ မုဒိတာကား နှလုံးချမ်းမြေ့ခြင်း အဒေါသမေတ္တာသဘောနှင့်တကွ ၀မ်းမြောက်ခြင်းပါမောဇ္ဇကိစ္စရှိသည်။
ပဟာသကား သူတပါးတို့ ရာဂတဏှာပွားကြောင်း မကောင်းသောလည်း ကြည်ညိုဖွယ်မကောင်း သော ကိုယ်နှုတ်အမူအရာတို့ကို ဖြစ်စေခြင်း ပစ္စုပဋ္ဌာန်ရှိသည်၊ မုဒိတာကား သူတပါးတို့ ချမ်းမြေ့ ကြည်သာ မေတ္တာပွားကြောင်း ကောင်းသောကိုယ်နှုတ်အမူအရာ ပါသာဒိကဘာဝကို ဖြစ်စေခြင်း ပစ္စုပဋ္ဌာန်ရှိသည်။
ပဟာသကား အ၀ိဇ္ဇာပမာဒတရားလျှင် ပဒဋ္ဌာန်ရှိသည်၊ မုဒိတာကား မငြူစူခြင်း အနဿုကီ အမစ္ဆရီဘာဝလျှင် ပဒဋ္ဌာန်ရှိသည်၊ ဤကား အထူးတည်း၊
မှတ်ချက်။       ။ ပဌမအစတော့ ရိုးရိုးဝမ်းမြောက်ရာမှ ရွေ့လျောပြိး မြူးတူးရွှင်ပျခြင်း သဘောသို့ ပြောင်းသွားတတ်လေသည်၊

                                                ပဌမရွှေကျင်ဆရာတော်ဘုရားကြီး၏ ၀ဉ္စနာဒီပနီ --မှ

ရယ်ခြင်း သုံးပါး


သုံးပါတသီး ရယ်ခြင်းကြီးကား--
ဇနီးအိမ်ရှင်၊ မိမိလင်လည်း
ချစ်ခင်သောအား၊ သမီးသားကို
ပိုက်ဖြားအားရမ်း၊ ချီရှုတ်နမ်းသော်
မယ်ဝမ်းကမွေး၊ သူများသွေးကို
အလေးတမြတ်၊ သင့်သားမှတ်၍
လှည့်ပတ်ပွေ့ချီ၊ နမ်းလေပြီဟု
မထီမလေး၊ အသွမ်းသွေး၍
အဝေးမျက်ကွယ်၊ မယားရယ်၏။        
ငါ့လယ် ငါ့ယာ၊ ငါမြေတာဟု
ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း
အရှင်မဲ့ပါ၊ ငါတို့မှာကား
ကမ္ဘာမကျေ၊ မချင်းနေ၏
အောက်သွေယွင်းယို၊ သင်တို့ကိုယ်မှ
လိုမပိုင်ဘဲ၊ ဖွယ်သရဲဟု
ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။       
ငါ့ဝယ် ငါ့ရွှေ၊ ငါ့ကြေးငွေဟု
စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း
ကြမ္မာဆော်ခိုက်၊ ကောင်းတော်ခိုက်ကို
ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင့်
ငါးဖြာရန်သူ၊ ယူလည်းတို့ပါ
သေမင်းခွာလည်း၊ သင့်ရာအလျောက်
တို့ရောက်သည်ပင်၊ တို့အရှင်လျှင်
ဖြစ်ခြင်လွန်းလှ၊ လွန်းမင်းစွဟု
ဒေါသချီချယ်၊ ရွှေငွေရယ်သည်။
သုံးသွယ်ရယ်ဆေး၊ ပျက်သွမ်းသွေး---။          

                             စိန္တေကျော်သူ ဦးသြ
                             သြ၀ါဒထူးပျို့ ဆုံးမစာ---မှ။