သတ္တ၀ါတိုင်း
ဘ၀တစ်ခုကိုတော့ ပိုင်ဆိုင်ကြတာချည်းပဲ၊ အားလုံးသော သတ္တ၀ါ တိုင်းရဲ့ ဘ၀တန်ဖိုးကို ပြောမယ်ဆိုရင်
အများကြီး ကျယ်ဝန်းသွားမယ်၊ ဒါကြောင့် ဘ၀ တန်ဖိုးဆိုတဲ့ နေရာမှာ လူ့ဘ၀တန်ဖိုးကို ပြောရအောင်၊
လူ့ဘ၀တန်ဖိုးလို့ ပြောလိုက် တော့၊ အဲဒီလူ့ဘ၀တန်ဖိုးကို ဘာနဲ့တိုင်းတာမလဲ၊ လူ့ဘ၀တန်ဖိုးရဲ့
အဓိပ်္ပါယ်ကို ဘယ်လိုဆုံးဖြတ်မလဲ၊ ဘာကို အခြေခံပြီးတော့ သတ်မှတ်တိုင်းတာမလဲ၊ မေးစရာတွေ
ရှိလာတယ်၊
ပစ္စည်းဥစ္စာတွေ ပေါပေါများများနဲ့ သုံးနိုင်ဖြုန်းနိုင်နေတာက လူ့ဘ၀ရဲ့
တန်ဖိုးလား၊ ရာထူး ဂုဏ်ထူးတွေနဲ့ လူပတ်ဝန်းကျင်အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ နေနိုင်တာက
လူ့ဘ၀ရဲ့တန်ဖိုးလား၊ သားတွေ သမီးတွေ ဆွေတွေ မျိုးတွေနဲ့ သိုက် သိုက် ၀န်းဝန်း တပျော်တပါးကြီး
နေနိုင်တာက လူ့ဘ၀တန်ဖိုးလား၊ ဘာဘေးအန္တရာယ် တွေမှ မကျရောက်ဘဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်တာက
လူ့ဘ၀တန်ဖိုး လား၊
ဒါဆို ပစ္စည်းဥစ္စာတွေကို နည်းမျိုးစုံနဲ့ရအောင်ယူတတ်ပြီးတော့၊ တရားသဖြင့်
ကော၊ မတရားသဖြင့်ကော၊ ရှာလို့ရလာတဲ့ပစ္စည်းတွေကို တကယ့်တန်း ကိုယ့်အတွက် လဲ အကျိုးမရှိ၊
သူတပါးအတွက်လည်း အကျိုးမရှိရင် အဲဒီပစ္စည်းကရော ဘာတန်ဖိုးရှိမှာ လဲ၊ ရှာတုန်းကလဲ သူတပါးရဲ့မျက်ရေပေါက်ကြီးငယ်
ကျအောင်လုပ်ပြီးမှ ရှာရတဲ့အပြင်၊ တကယ်တန်းရလာတဲ့ပစ္စည်းကလဲ သူတပါးတွေကို စိတ်ဆင်းရဲ၊
ကိုယ်ဆင်းရဲဖြစ်စေ တယ်ဆိုရင် အဲဒီပစ္စည်းဥစ္စာတွေကရော ဘာတန်ဖိုးရှိတော့မလဲ၊ တန်ဖိုးမရှိတော့တဲ့
ပစ္စည်းတွေ ပိုင်ဆိုင်တဲ့သူရဲ့ ဘ၀ကရော တန်ဖိုးရှိတဲ့ ဘ၀လား၊
ရာထူးဂုဏ်တွေကကော၊ အတူတူပါပဲ၊ ရာထူးဂုဏ်တွေကို မရအရကျိုးစား၊ ရပြီးတော့
အဲဒီရာထူး ဂုဏ်ထူးတွေနဲ့ တစ်ခြားသူတွေကို ညှင်းပန်းနှိပ်စက်တတ်လာ တယ်ဆိုရင်၊ ရာထူးတွေ
ဂုဏ်ထူးတွေကို ငွေနဲ့ဝယ်ပြီး ရလာတဲ့ရာထူးဂုဏ်တွေနဲ့ ပိုက်ဆံပြန်ရှာတတ်တဲ့လူမျိုးကကော
တန်ဖိုးရှိတယ်လို့ ပြောလို့ရမလား၊
မိတ်ဆွေသူငယ်ချင်းပေါများတာကကော----
ယသံ
လဒ္ဓါနဒုမ္မေဓော၊ အနတ္ထံ စရတိ အတ္တနော၊
အတ္တနော
စ ပရေသဉ္စ၊ ဟိံသာယ ပဋိပဇ္ဇတိ။
အသိပညာမဲ့တဲ့သူက အခြွေအရံအသင်းအပင်း မိတ်ဆွေအပေါင်းအသင်း
ရရင် အဲဒီအသင်းအပင်းများကို မှီပြီးတော့ မိမိရဲ့အကျိုးမဲ့ကိုသာ ကျင့်တယ်၊
မိမိကော သူတပါးကော နှစ်ဦးစလုံးကို ညှင်းဆဲဖို့အတွက် ကျင့်ကြံနေတယ်၊
ဒီစာထဲကလို အသိပညာသာ မဲ့သူသာဖြစ်ရင် မိတ်ဆွေ အပေါင်းအသင်းများတိုင်းလည်း
ကောင်းတယ်လို့ ပြောလို့မရပါဘူး၊ အဲဒီမိတ်ဆွေအပေါင်းအသင်းတွေကို မှီပြီး မိုက်နေမယ်၊
မကောင်းတဲ့ အပြု အမူတွေကိုသာ ပြုနေမယ်ဆိုရင် ဒီလိုဆိုလည်း အဓိပ္ပါယ်မရှိတော့ဘူး၊ အဓိပ္ပါယ်မရှိရင် အဲဒီလို ဘ၀မျိုးကို တန်ဖိုးရှိတယ်လို့လဲ
သတ်မှတ်လို့ မရပါဘူး၊
ပစ္စည်းဥစ္စာရှိတာ၊ မရှိတာနဲ့လည်း ဘ၀တန်ဖိုးကို သတ်မှတ်လို့ မရဘူး၊
ရာထူး ဂုဏ်ထူး ရှိ၊ မရှိနဲ့လည်း ဘ၀တန်ဖိုး ကို သတ်မှတ်လို့မရဘူး၊ သားသမီးဆွေးမျိုး
မိတ် သင်္ဂဟ အခြံအရံ ပေါများတာ၊ မများတာနဲ့လည်း ဘ၀တန်ဖိုးကို သတ်မှတ်လို့ မရဘူး၊ ဘေးရန်ကင်းကင်းရှင်းရှင်းနဲ့
ကျန်းကျန်းမာမာအသက်ရှည်တာ၊ မရှည်တာနဲ့ လည်း ဘ၀တန်ဖိုးကိုသတ်မှတ်လို့ မရဘူး၊
ဒါဆို ဒါတွေ အကုန်လုံးနဲ့ပြည့်စုံတယ်ဆိုရင်ကော၊ အားလုံးနဲ့ပြည့်စုံတယ်ဆိုတာ
ပစ္စည်းလဲရှိ၊ ရာထူးဂုဏ်တွေလဲ ရှိ၊ သားသမီးဆွေမျိုးမိတ်သင်္ဂဟတွေလဲ ရှိ၊ ကျန်းမာပြီး အသက်ရှည်ရှည်နေရပြီ
ဆိုရင် ဘ၀တန်ဖိုး ရှိသွားပြီလား၊ စဉ်းစားစရာပါ--
ဆရာသက်တန့်ချိုဘာသာပြန်ထားပြီး
သူ့အတွေးလေးနဲ့ တင်ပြထားတဲ့ ဘ၀ အပေါ်တန်ဖိုးထားတတ်ဖို့အကြောင်းအရာလေးကို
ဖတ်ခဲ့မိတယ်၊ ဖတ်ကြည့်ပါ--
တစ်ခါတုန်းက
ကောင်လေးတစ်ယောက်ဟာ မြစ်ထဲမှာ ရေကူးနေရင်း ရေနစ် သွားခဲ့တယ် ။ ဒီတော့ ရေပေါ်မှာ
မြုပ်ချီပေါ်ချီဖြစ်နေပြီး “ ကယ်ကြပါ ” ဆိုပြီး အကူအညီတောင်းခံခဲ့တယ် ။
မြစ်ကမ်းနားကို ဖြတ်သွားတဲ့လူတစ်ယောက်က ကောင်လေးကိုတွေ့သွားပြီး မြစ်ထဲကို
ခုန်ဆင်းလို့ ကောင်လေးရဲ့ အသက်ကို အချိန်မှီ ကယ်ဆယ်လိုက်နိုင်ခဲ့တယ်။
ပြီးတော့
အဲဒီလူက ကောင်းလေးသတိရတဲ့အခါ ထွက်သွားဖို့ပြင် တော့ ကောင်လေးကလှမ်းပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ်ဗျာ”
“ဘာအတွက်လဲ ကောင်လေး”
ကောင်လေးက ပြန်ဖြေတယ် ။
ကောင်လေးက ပြန်ဖြေတယ် ။
“
ကျွန်တော့်ဘ၀ ကိုကယ်ဆယ်ခဲ့တဲ့အတွက်ပါ ”
ဒီတော့ အဲဒီလူက ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် ။
“ ကောင်လေး .. မင်းအသက်ကြီးလာတဲ့အခါ မင်းရဲ့ဘ၀ဟာ ကယ်ဆယ်ဖို့ထိုက်တန်တဲ့ ဘ၀မျိုးဖြစ်အောင် ကြိုးစားပါ ”
ဒီတော့ အဲဒီလူက ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် ။
“ ကောင်လေး .. မင်းအသက်ကြီးလာတဲ့အခါ မင်းရဲ့ဘ၀ဟာ ကယ်ဆယ်ဖို့ထိုက်တန်တဲ့ ဘ၀မျိုးဖြစ်အောင် ကြိုးစားပါ ”
သင်ရောစဉ်းစားဖူးလား
.. သင့်ရဲ့ဘ၀ဟာ အကြပ်အတည်းဖြစ်နေတဲ့အချိန် သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာ
တကယ်ကယ်ဆယ်ဖို့ ထိုက်တန်ရဲ့လား ဆိုတဲ့ အချက်ကိုပေါ့ ။
တကယ်တော့
အဲဒီလူက ကောင်လေးကို ဘ၀ကို တန်ဖိုးရှိရှိနေထိုင်ဖို့ကို မီး မောင်း ထိုးပြသွားခြင်းဖြစ်ပါတယ်
။ လူတွေဟာ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူး အသုံး မကျဘူးလို့ပဲထင်နေတတ်ကြတယ်။
တကယ်တော့
သင်ပိုင်ဆိုင်ရတဲ့အသက်တစ်ချောင်းဟာ တန်ဖိုးရှိရှိ နေထိုင်ဖို့ ထိုက်တန်ပါတယ် ။
အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက်
လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်း လိုက်ပါ ။
(ဒါ
ဆရာသက်တန့်ချိုရဲ့ စာကလေးပါ၊ သူ့စာလေးကို ဖတ်မိပြီး မိမိ ဟိုတုန်းက ရေးထားတဲ့
အကြောင်းအရာလေးကို နောက်ထပ် ဖြည့်စွက်ပြီး တင်ပြပါရစေ--)
ဘ၀ကို ဘယ်လို တန်ဖိုးရှိအောင် နေကြမလဲ၊ ဘ၀ရဲ့
တန်ဖိုးကို ဘာနဲ့ တိုင်းတာမလဲ၊ ဘယ်လို အချက်တွေနဲ့ တိုင်းတာမလဲ၊
ဘ၀တန်ဖိုးဟူသည်
အသက်ရှည်ရှည်နေရဖို့ချည်းသက်သက်မဟုတ်၊
တန်ဖိုးရှိတဲ့ ဘ၀တစ်ခု ဆိုတာ စည်းစိမ်ဥစ္စာအခြွေအရံတွေနဲ့ ပြည့်စုံရုံနဲ့လည်း
အဓိပ်္ပါယ်မရှိ၊
ဘ၀ဟူသည် ရာထူးဂုဏ်ထူးတွေ တလှေကြီးနဲ့ ပြည့်စုံကြွယ်ဝရုံနဲ့လည်း တန်ဖိုး
မရှိ၊
ကိုယ့်ရရှိလာတဲ့
ဘ၀ရဲ့တန်ဖိုး၊ ဒါမှမဟုတ် ကိုယ်ကယ်တင်လိုက်တဲ့ ဘ၀ တစ်ခုရဲ့ တန်ဖိုးကိုမသတ်မှတ်ခင် ဘ၀ကို
ဘယ်လိုအသုံးချသွားသလဲဆိုတဲ့ အပေါ် မူတည်နေပါတယ်၊ ဘယ်လို တန်ဖိုးရှိရှိနေထိုင်သွားသလဲဆိုတာ
ရရှိလာတဲ့ ဘ၀ရဲ့ အပေါ်မှာ ဘယ်လိုအသုံးချသွားသလဲ ဆိုတာ စဉ်းစားစရာပါ။
တစ်ရက်က စာအုပ်တစ်အုပ်ဖတ်မိပါတယ်၊ အဲဒီစာအုပ်ထဲမှာ နိုင်ငံခြားမှာ
ပညာ သွားသင်သော ဆရာဝန်တွေ စကားစပ်လို့ ပြောကြတဲ့အခန်းလေးတစ်ခန်းကို မှတ်မှတ် ရရရှိနေမိတယ်၊
ဆရာဝန်တစ်ယောက်က သူ ခပ်ငယ်ငယ်ဆရာဝန်ပေါက်စဘ၀က မှားယွင်းစွာ အဓိပ်္ပါယ်
ကောက်ယူခဲ့မိတာကြောင့် လူတစ်ယောက် မဆုံးရှုံသင့်ဘဲ ဆုံးရှုံးသွားခဲ့တဲ့ အကြောင်း၊
အခြားဆရာဝန်တစ်ယောက်ကလဲ အဲဒီလိုမှားယွင်းခဲ့ဘူးကြောင်း စပ်မိစပ်ရာ
ပြောကြရင်း
“လူအသက်ကယ်တဲ့ ဆရာဝန်အလုပ်မို့ အလွန်မွန်မြတ်လှပါတယ်၊ ကိုယ် ကယ်
တင်လိုက်တဲ့ လူတွေကို ကျမ်းကျမ်းမာမာ အသက်ရှင်နေတာ မြင်ရတဲ့အခါ ၀မ်းသာ ပီတိဖြစ်မိတယ်”
အဲဒီလိုပြောလိုက်တဲ့အချိန်မှာ အခြားဆရာဝန်တစ်ယောက်ကပြောပါတယ်၊
သူ့အနေနဲ့ ဆရာဝန်အလုပ်ဟာ တကယ်မွန်မြတ်ပါတယ်လို့ပြောရခက်တဲ့ အတွေ့အကြုံလေးတစ်ခုရှိခဲ့တယ်၊
အဲဒီအတွေ့အကြုံလေးက တကယ်တော့ လူနာ တစ်ယောက်ကို သာမန်ကယ်ရိုးကယ်စဉ်အတိုင်းကယ်ခဲ့တာပါပဲ၊
ဒါပေမဲ့ ကိုယ်ကယ် တင်လိုက်လို့ အသက်ပြန်ရှင်လာတဲ့ လူနာက လူ့လောကကို ကောင်းကျိုးမပေး၊
လူ့ လောကကို အကျည်းတန်စေမဲ့ အလုပ်တွေပဲ လုပ်ပြီး၊ တစ်ကမ္ဘာလုံးကို မျက်ရည်နဲ့ မျက်ခွက်
ဖြစ်စေတဲ့ အလုပ်မျိုးတွေပဲ လုပ်နေတာမြင်ရတော့ သူ့ရဲ့ဆရာဝန် အလုပ် ပေါ်မှာ မွန်မြတ်မှုရှိ/မရှိ
တကယ်ပဲ သံသယရှိလာခဲ့တယ်ဆိုတဲ့ အကြောင်း ပြောပြပါ တယ်၊
ဒီနေရာမှာ အဲဒီဆရာဝန်ရဲ့ သံသယက မှန်ပါတယ်၊ လူတွေဆိုတာ အားလုံး ကောင်းကြတာမှ
မဟုတ်တာ၊ မကောင်းတဲ့ ဆိုးမိုက်တဲ့လူတွေလည်း ရှိတာပါပဲ၊ ဘာပဲ ဖြစ်ဖြစ် လူ့အသက်ဆိုတာ
ကယ်ခွင့်ရရင် ကယ်ရမှာမို့ ကယ်လိုက်မိတာ မမှားပါဘူး၊ ကိုယ်ကယ်တင်လိုက်တဲ့သူရဲ့ အသက်ရှင်ရပ်တည်မှုက ဖြူစင်မှုရှိ/မရှိ
အပေါ်မှာ မူတည်ပြီးလည်း မှားတယ်လို့ ပြောလို့မရပြန်ပါဘူး၊
ဒီနေရာမှာ အသက်ဆိုတာ ရှည်တိုင်းလဲ မကောင်းဘူးဆိုတာတော့ ပြောနိုင်
ပါတယ်၊ လူတိုင်းအသက်ရှည် ရှည်နေချင်ကြတာချည်းပါပဲ၊ ဒါပေမဲ့ ကိုယ့်အသက် ရှင်မှုက လောကကို
ကောင်းကျိုးဖြစ်စေသလား၊ မကောင်းကျိုး ဖြစ်စေသလား ဆိုတာ တော့ ကိုယ့်ကိုယ်ကို စိစစ်ဖို့လိုပါတယ်၊
ကိုယ့်အသက်တစ်ရက်ရှည်ဖို့ အသက်ပေါင်းများစွာ စတေးခံရတယ်ဆိုရင် ကိုယ့်
အသက်ရှည်မှုက ကောင်းနိုင်ပါ့မလား၊ ကောင်းတဲ့
အသက်ရှည်မှု မဖြစ်နိုင်ပါဘူး၊ ဒါဆို ဘ၀ရဲ့ တန်ဖိုးကို အသက်ရှည်ရုံတစ်ခုတည်းနဲ့ တိုင်းတာလို့
မရတော့ဘူးနော်။
ကိုယ်အသက်ရှင်ရပ်တည်နိုင်ဖို့ အခြားသတ္တ၀ါပေါင်းများစွာရဲ့ မျက်ရည်တွေကို
ဆေးအဖြစ် မှီဝဲမှ အသက် ရှင်ရမယ်ဆိုလဲ မကောင်းပြန်ပါဘူး၊ ဒါမျိုးဆိုလဲ တန်ဖိုးရှိတဲ့
ဘ၀လို့ မဆိုနိုင်ဘူး။
လူတိုင်းလူတိုင်း မွေးပြီးလို့ ဇာတာတစ်ခုလုပ်တဲ့အခါတိုင်း အဲဒီ ဇာတာထဲမှာ
မောင်ဘယ်သူ၊ မဘယ်ဝါ အသက် တစ်ရာ့နှစ်ဆယ်ရှည်ပါစေဆိုပြီး ကမ္ဗည်းတပ် ဆုမွန် ကောင်းတောင်းပေးလိုက်တတ်ကြပါတယ်၊
ဆုတောင်းပေးလိုက်တဲ့အတိုင်း အသက်တစ်ရာ့နှစ်ဆယ်လုံးလုံး မကောင်းမှု
ဒုစရိုက်တွေကြီးပဲ လုပ်နေမယ်ဆိုရင် အဲဒီဆုတောင်းက မကောင်းတဲ့အကျိုးတွေ များ သထက်များအောင်
ဆုတောင်းပေးတာနဲ့အတူတူပဲ ဖြစ်နေမှာပေါ့၊ အသက်တစ်ရာ့ နှစ်ဆယ်လုံးလုံး လူ့လောကကောင်းကျိုး
ဘာတစ်ခုမှ မယ်မယ်ရရ မပြုလုပ်ခဲ့ဘူးဆိုရင်၊ သူ့အသက်ရှည်မှုက အလကားအချည်းနှီး အသက်ရှည်မှုပဲပေါ့၊
သူ့ရဲ့ အသက်ရှည်မှု ဟာ အသက်ရှည်လေ တန်ဖိုးမဲ့လေ ဖြစ်သွားမှာပေါ့။
ကိုယ့်အသက်ရှည်မှုကို
တန်ဖိုးရှိရှိအသုံးမချတတ်တော့ အသက်ရှည်လေ ကိုယ့် အတ္တလေးကို အခါခါပြန် သတ်လေ ဖြစ်နေမှာပဲပေါ့
ခပ်ငယ်ငယ်က ကြားခဲ့ဘူးတဲ့ ပုံပြင်တစ်ပုဒ်ရှိပါတယ်၊ ဒိသာပါမောက္ခဆီမှာ
ပညာ သင်ပြန်လာတဲ့ ကျောင်းသားနှစ်ယောက်ရှိတယ်၊ တစ်ယောက်က အရိုးကို ပင်ကိုယ် သက်ရှိသတ္တ၀ါနဲ့တူအောင်
ပြုလုပ်နိုင်စွမ်း ရှိတယ်တဲ့၊ ဒါပေမဲ့ အသက်ကို ပြန်သွင်း တတ်တဲ့ အတတ်ပညာတော့ မရှိဘူးတဲ့၊
ကျန်တစ်ယောက်က ပင်ကိုယ် သတ္တ၀ါနဲ့တူ အောင် မပြုနိုင်ပေမဲ့ အသက်ကိုပြန်သွင်းနိုင်တဲ့
အတတ်တော့ တတ်တယ်လို့ ဆိုပါ တယ်။
အဲဒီနှစ်ယောက် သူတို့ရဲ့ဆရာကြီးဆီက အပြန်မှာ ကျားရိုးတစ်ချောင်းတွေ့တယ်၊
အဲဒီကျားရိုးကို တစ်ယောက်က ပင်ကိုယ်သတ္တ၀ါအတိုင်းလုပ်ပေးလိုက်ပါတယ်၊ ကျန်တဲ့ တစ်ယောက်က
ပင်ကိုကျားသတ္တ၀ါအတိုင်း ဖြစ်လာတဲ့ သက်မဲ့ကို အသက်ပြန်သွင်း လိုက်ပါသတဲ့၊
အဲဒီနှစ်ယောက်ဟာ သူတို့အသက်ပြန်သွင်းထားတဲ့ ကျားရှေ့ကို တည့်တည့်ကြီး
ရောက်မှာတော့ ဘယ်မှာ အသက်ရှင်စရာလမ်းမြင်နိုင်မလဲ၊ သူတို့အသက်သွင်းထားတဲ့ ကျားက ကိုက်သတ်လို့
သေသွားကြတာပေါ့၊
ဒီပုံပြင်လေးကို ကြည့်ရင် သူတို့အသက်သွင်းထားတဲ့ ကျားက သူတို့ကို
ပြန်ကိုက် သတ်တယ်ဆိုတာ-
လူတိုင်း ကိုယ့်အသက်ရှင်ဖို့ ကြိုးစားနေကြတာချည်းပဲ၊ ဒါဆို ကိုယ့်ကိုယ့်ကို
အသက်ပြန်သွင်းနေတာနဲ့ အတူတူပဲပေါ့၊
လူတိုင်း
နေ့စဉ်နဲ့အမျှ အသက်ရှင်အောင် အားထုတ်နေကြတယ်၊ ရှင်လာတဲ့ အသက်ကလေးက ကိုယ့်ကိုယ်ကို သတ်နေသလား၊
အန္တရာယ်ဖြစ်စေနေသလား၊ ကိုယ့် ရဲ့ အသက်ရှင်မှုလေးက လူ့လောကကောင်းကျိုးတွေကို ဖျက်ဆီးနေသလား၊
ဒါဆို ကိုယ်ကိုယ်တိုင်အသက်သွင်းနေတဲ့ ကိုယ့်အတ္တလေးက၊ ကိုယ့်ရဲ့အသက်ရှည်မှုလေးက ကိုယ့်ကိုပြန်သတ်စားမဲ့
ကျားတစ်ကောင်နဲ့တူမနေဘူးလား။ ကိုယ့်အသက်ပြန်သွင်း နေတဲ့ ကိုယ့်အသက်ရှည်မှုလေးကို တန်ဖိုးရှိအောင်
အသုံးမချတတ်တော့ ကိုယ့်ကိုယ့် ကို ပြန်သတ်သွားမဲ့ ကျားတစ်ကောင်ကို အသက်သွင်းနေတာနဲ့
အတူတူပါပဲ၊
သေနေတဲ့ကျားလည်း အသက်ရှင်စေ၊
ကိုယ်တိုင်လည်း ဘေးအန္တရာယ်မရှိ သတိကောင်းကောင်းနဲ့ လွတ်မြောက်စေတဲ့ အသက်သွင်းနည်းဆိုရင်
မကောင်းပေ ဘူးလား။ ကိုယ့်အတ္တလေးလည်း ရှင်သန်စေ၊ ပရဟိတ ခေါ်တဲ့ အများကောင်းကျိုးကို လည်း
မဖျက်ဆီးတဲ့သူ၊ အများကောင်းကျိုးတွေကို ဆောင်ရွက်တဲ့သူဖြစ်နေရင် ကိုယ့်ရဲ့ရှင်သန်မှု၊
ကိုယ့်ရဲ့ အတ္တလေးကို အသက်ပြန်သွင်းမှုဟာ လောကအတွက် အဓိပ်္ပါယ်ရှိသွားမှာပါ၊ လောကအတွက်
အဓိပ်္ပါယ်ရှိတဲ့၊ ကောင်းကျိုးဖြစ်စေတဲ့ ကိုယ့် ကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ အခြားသူကိုပဲဖြစ်ဖြစ်
မည်သူ့ကိုမဆို အသက်ပြန်သွင်းခွင့်ရ မယ်ဆိုရင်၊ အသက်ရှင်သန်အောင် ပြုလုပ်ခွင့်ရမယ်ဆိုရင်
ဒါဟာ ကောင်းမွန်တဲ့ အသက်ရှင်သန်နည်းဖြစ်ပါလိမ့်မယ်၊ ဒါဆို ရှင်သန်နေတဲ့ ဘ၀တွေဟာလည်း
တန်ဖိုးရှိ သွားမယ်၊ တန်ဖိုးရှိရှိ အသုံးချသွားတယ်လို့ ပြောလို့ရတယ်။
ဘ၀တစ်ခုရလာပြီဆိုရင်
အဲဒီရလာတဲ့ဘ၀ရဲ့တန်ဖိုးက သူ့အတိုင်းအတာနဲ့သူ ရှိနေပြီးသား၊ ဒါပေမဲ့ ကိုယ်ဖြစ်တည်လာရတဲ့အပေါ်မှာ
ဘ၀တန်ဖိုးရဲ့ အနိမ့်အမြင့်က ကွားခြားသွားသလို၊ ကိုယ့်ရဲ့ကျိုးစားမှုအပေါ် မူတည်ပြီးတော့လည်း
ဘ၀ရဲ့တန်ဖိုးက အနိမ့်အမြင့် ကွဲပြားခြားနားတယ်၊ ဘ၀ရဲ့တန်ဖိုးက ဘယ်လိုပဲ ကွားခြားပါစေ၊
ပင်ကိုယ်ရှိပြီးသား၊ နဂိုကတည်းက ပိုင်ဆိုင်ပြီးသား ဘ၀တန်ဖိုးကို ဘယ်လောက် ထိအောင်
အလေးအနက်ထားသလဲ၊ ဘယ်လိုမျိုးဂရုတစ်စိုက် ပြုစုပျိုးထောင်သလဲ၊ ကိုယ့်ပိုင်ဆိုင်တဲ့ဘ၀ကို
ဘယ်အတိုင်းအတာထိ မြတ်နိုး တန်ဖိုးထားသလဲ၊
ကိုယ်ြမြတ်နိုးတန်ဖိုးထားသလောက်၊
အသိဥာဏ်ကည်း မြင့်မားလာရမယ်၊ မြင့်မားလာတဲ့ အသိဥာဏ်နဲ့အတူ အတ္တကျိုး ပရကျိုးခေါ်တဲ့ မိမိရဲ့
ကောင်းကျိုး၊ အများကောင်းကျိုးတွေကို များများပြုနိုင်လာရမယ်၊ အဲဒီလို အသိဥာဏ်လဲ မြင့်မား
လာသလို ကိုယ့်အကျိုး အများကျိုးကိုလည်း အဆင့်မြင့်မြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလာ နိုင်တယ်ဆိုရင်
ဘ၀ဟာ အဓိပ္ပါယ်ရှိသွားပါတယ်၊ အဓိပ္ပါယ်ရှိသွားရင် တန်ဖိုးလဲ မြင့်သွားတာပါပဲ၊ ဒါကြောင့်
သူ့ကျိုး ကိုယ့်ကျိုးကို ဆောင်ရွက်နိုင်တဲ့ အသိဥာဏ်တွေ မြင့်မားလာအောင် တစတစပြုစုပျိုးထောင်
နိုင်မှသာ ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀လို့ ဆိုနိုင်ပါလိမ့်မယ်။
ဒီလိုမျိုး
တွေးတော ဆင်ခြင်စဉ်းစားပြီး အမြင့်ဆုံး ဘ၀ရဲ့တန်ဖိုးလို့ခေါ်တဲ့ ဘ၀ရဲ့ထွက်မြောက် ရာ
မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရရှိအောင် အသုံးချတတ်မယ်ဆိုရင် အတိုင်းအထက် အလွန် ပါပဲ။
အရှင်သုဝီရ
No comments:
Post a Comment